သဲကုန်းမြို့နယ် ဆန္ဒညီငွေစု၊ ငွေချေးသမဝါယမအသင်းလီမိတက်၏ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

သဲကုန်း မေ ၁၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်ဆန္ဒညီငွေစု၊ ငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအခမ်းအနားတွင် သဘာပတိဖြစ်သူ မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးတင်မောင်စန်းက သမဝါယမဦးစီးဌာန၏ လုပ်ငန်းတာဝန်များအကြောင်းနှင့်သမဝါယမအသင်းစု၏ လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဌာနစုမှူးဦးမင်းထိုက်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်လက်ကျန်ရှင်းတမ်းစာရင်းအားလည်းကောင်း၊ အမြတ်ခွဲဝေစာရင်းနှင့် အသင်း၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ရှေ့လုပ်ငန်းစဉ်များအားလည်းကောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၏ အသင်းစာရင်းစစ်အစီရင်ခံစာအား ဖတ်ကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမအသင်းစုမှ အမှုဆောင်များ၊ သမဝါယမအသင်းသားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကိုကျော် (ပြန်/ဆက်)