ဘားအံ မေ ၁၇
စပါးသီးနှံကို အလွယ်တကူကြဲပက်စိုက်ပျိုးနေခြင်းအစား ရာသီအချိန်မီစနစ်တကျ စိုက်ပျိုးနိုင်ရေးအတွက် ကရင်ပြည်နယ်စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၂၀)စက်မှုလယ်ယာစခန်း(ဘားအံမြို့)မှ ကောက်စိုက်စက်ဖြင့် တွဲဖက်သုံး(၁၀)တန်းသွားမျိုးစေ့ချကိရိယာနှင့် လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder)တို့ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၇ နာရီခွဲက ဘားအံမြို့နယ်၊ ကမော့ကစင်အနောက်ကွင်း၊ ကွင်းအမှတ် (၁၁၈၇)ရှိ တောင်သူဦးမောင်မောင်ဌေး၏ လယ်မြေ၌ ကျင်းပခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က စပါးကို ကြဲပက်စိုက်ပျိုးသည့်အခါ အပင်အစိပ်အကျဲကွာဟမှု မတူညီခြင်း၊ မျိုးစပါးပိုမိုအသုံးပြုရခြင်း၊ စပါးပင်နှင့်ပေါင်းမြက်များ တပြိုင်တည်းပေါက်ရောက်သဖြင့် ပေါင်းမြက်နှိမ်နင်းရန်ခက်ခဲခြင်း၊ ကြားပေါင်းလိုက်၍မရခြင်း၊ အထွက်နှုန်းအနေဖြင့် အတန်းလိုက် စိုက်ပျိုးခြင်းထက် အနည်းဆုံးတင်း(၂၀)ခန့်လျော့နည်းခြင်း၊ ရိတ်သိမ်းရာတွင်လည်း အတန်းမဟုတ်ပဲ ပေါင်းမြက်များခြင်းကြောင့် ရိတ်သိမ်းခြွေလှေ့စက်အသုံးပြုရိတ်သိမ်းရာတွင် လေလွင့် ဆုံးရှုံးမှုများပြားခြင်း၊ သီးနှံအရည်အသွေးကျဆင်းခြင်း စသည့်အားနည်းချက်များကို ရင်ဆိုင်ရမည်ဖြစ်သည့်အတွက် စိုက်ပျိုးကုန်ကျစရိတ်သက်သားပြီး စပါးအထွက်တိုးရန် ကောက်စိုက်စက် (သို့မဟုတ်)တိုက်ရိုက်အစေ့ချကိရိယာတို့ဖြင့် စိုက်ပျိုးခြင်းတို့ကို စီမံဆောင်ရွက်ရန် လမ်းညွှန်မှုပြုရခြင်းဖြစ်ကြောင်း၊ မျိုးစေ့ချကိရိယာ အသုံးပြုစိုက်ပျိုးခြင်းဖြင့် လိုအပ်သည့်စိုက်ပျိုးရေကို ချွေတာနိုင်ခြင်း၊ ပျိုးခင်းစရိတ်၊ ပျိုးနုတ်ပျိုးသယ်ကောက်စိုက်စရိတ် မကုန်သဖြင့် လုပ်အားခသက်သာစေခြင်း၊ ကောက်ပင်ရွှေ့ပြောင်းစိုက်ရန်မလိုအပ်သည့်အတွက် အပင်ကြီးထွားမှုမြန်ဆန်ခြင်းနှင့် ကြားပေါင်း လိုက်ရလွယ်ကူခြင်း စသည့်အားသာချက်များကို ရရှိနိုင်မည်ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် ပြည်နယ်စက်မှုလယ်ယာဦးစီးဌာမှူးက မျိုးစေ့ချကိရိယာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တရုတ်လှ၊ ထောင်ဝိ၊ ရဲသာ၊ ကော့သံခါ၊ ရွှေနတ်ကျွန်း၊ ကော့ကျိုက်၊ ရဲသာ(ကမော့ကစင်)ကျေးရွာများမှ မိုးစပါးစိုက်ပျိုးကြမည့် တောင်သူများက ကောက်စိုက်စက်ဖြင့် တွဲဖက်သုံး(၁၀)တန်းသွားမျိုးစေ့ချကိရိယာနှင့် လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder)တို့ဖြင့် မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြသခြင်းကို ကြည့်ရှုအားပေးခဲ့ကြကာ တောင်သူများက သိရှိလိုသည်များနှင့်မရှင်းလင်းသည်များအား မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒုံရင်းအခြေခံပညာအထက်တန်းကျောင်းနှင့် တွဲဖက်ဖွင့်လှစ်ထားသော ဒုံရင်းစိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ဆင်းရဲမှုလျှော့ချရေးရန်ပုံငွေကျပ် ၇၉ ဒဿမ ၆၆၀ သန်းဖြင့် (၆၀ x ၂၂ x ၁၂)ပေ သင်တန်းသား၊သင်တန်းသူ အိပ်ဆောင်နှစ်ဆောင် တည်ဆောက်ရေးလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ကျောင်းဖွင့်ရာသီအမီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားကာ အဆိုပါအထက်တန်းကျောင်း၌ စာသင်ခန်း၊ စာသင်ဆောင်၊ ပရိဘောဂနှင့် သင်ထောက်ကူပစ္စည်းများ ပြည့်စုံလုံလောက်မှု ရှိ/မရှိ ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒုံရင်းသဘာဝစမ်းရေတံခွန်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေ ၁၄၀ ဒဿမ ၈ သန်းဖြင့် ရေတံခွန်၏ စတုတ္ထကန်အား အလျား ၃၇၅ ပေ၊ အမြင့် ၇ ပေ ကျောက်နံရံစီခြင်းလုပ်ငန်းကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)