ကသာ မေ ၁၇
ကသာမြို့နယ် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် (၁၀) နာရီ အချိန်က တိုက်ပွဲရှောင်နိုင်ငံ့ဝန်ထမ်းများအား ဆန်ရိက္ခာထောက်ပံ့ပေးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဌ ဒုတိယဗိုလ်မှူးကြီး ရဲဝင်းလွင်က နိုင်ငံ့ဝန်ထမ်းများ အတွက် ဝန်ထမ်းသက်သာချောင်ချိရေးကိစ္စအဖြစ် တိုင်းဒေသကြီးအစိုးရ၏ ကူညီထောက်ပံ့မှုဖြစ်ကြောင်း၊ သွားလာ ရေးခက်ခဲသော ရွှေဘိုခရိုင်၊ ကန့်ဘလူခရိုင်၊ စစ်ကိုင်းခရိုင်နှင့် ကသာခရိုင်တို့အတွက်သာ ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်းနှင့် နိုင်ငံ့ဝန်ထမ်းများနှင့်ဒေသခံပြည်သူများအတွက် စားသုံးဆီများကိုလည်း လစဉ်ရောင်းချပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။ ဆက်လက်၍ ခေတ္တခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးက အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် မြန်နိုင်ငံဆန်စပါးအသင်းချုပ်ထံမှ ဝယ်ယူထောက်ပံ့သော ဆန်များကို တိုက်ပွဲရှောင်ဝန်ထမ်းများအား တစ်ဦးလျှင် တစ်ရက်စာ ဆန်နို့ဆီဘူး (၂)ဘူးနှုန်းဖြင့် ရက်ပေါင်း (၉၀) အတွက် ဘူး(၁၈၀)ကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ဆန်ဖြန့်ဝေမှုအတွက် ဝန်ထမ်းများကို သေချာစွာလက်ဝယ်အရောက်ပေးအပ်ရန်နှင့် လက်ခံရရှိမှုမှတ်တမ်းများကို ပြည့်စုံစွာဆောင်ရွက်ထားကြရန် ပြောကြားသည်။ ထို့အပြင် ကသာခရိုင်အတွက်ထောက်ပံ့သော ဆန်ရိက္ခာများကိုသယ်ယူရန် အခက်အခဲရှိပါသောကြောင့် ဝန်ထမ်းတစ်ဦးချင်းရသည့် ဆန်များအတွက် သင့်ငွေ (၅၆၀၀၀) ကျပ်ကို သက်ဆိုင်ရာဌာနအလိုက် ဌာနအကြီးအကဲများကိုယ်တိုင် ထုတ်ယူရန် ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသောဌာနဆိုင်ရာများမှ မိမိတို့ဌာနအလိုက် ဆောင်ရွက်နေသောလုပ်ငန်းများနှင့်ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များကလိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့သည်။
ရဲလင်းထွန်း (ကသာ)