ကလိန်အောင်မြို့၌ ကွမ်းသီးအကင်းအနုသီးများ ဈေးကောင်းရရှိ

ကလိန်အောင် မေ ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့သည် စိုက်ပျိုး‌ရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ နှစ်ရှည်ပင်သီးနှံဖြစ်သည့် ကွမ်းသီးပင်သည် ဧပြီလအတွင်း၌ စတင်အပွင့်ပွင့်ပြီး အသီးကင်းနုများ စတင်ထွက်လေ့ရှိပြီး ပုံမှန်အားဖြင့် အသီးရင့်မှည့်ချိန်မှသာ ခူးယူခြင်းနှင့် ကြွေကျအသီးများအား လိုက်လံကောက်ယူပြီး ရောင်းဝယ်ခြင်းများရှိခဲ့သော်လည်း ယခုနှစ်များတွင် ကွမ်းသီးအကင်းအနုများ လိုက်လံဝယ်ယူမှုများရှိခဲ့ပြီး ဈေးကောင်းရရှိ၍ ကွမ်းသီးအသီးအနု ရောင်းချသူများပြားလျက်ရှိကြောင်း သိရသည်။

ယခုလအတွင်း၌ ကလိန်အောင်မြို့တွင် ကွမ်းသီးအကင်းအနုများအား ရောင်းဝယ်သူ ကုန်သည်များမှ လာရောက်ဝယ်ယူလျက်ရှိပြီး နိုင်ငံအတွင်းကုန်းကြမ်းအဖြစ် ထုတ်လုပ်ပြီး ပြည်ပသို့ ကုန်ချောထုတ်လုပ်ရန်အတွက် တင်ပို့လျက်ရှိကြောင်း သိရသည်။

“ယခုပေါက်ဈေးက ကွမ်းသီးအကင်းအနုတစ်လုံးလျှင် ငွေကျပ် (၃၅)ကျပ်မှ (၄၀)ကျပ်အထိ ဈေးနှုန်းရရှိတယ်၊ ကွမ်းသီးအရင့်မှည့်(အစို) (၁)လုံးကို (၂၅)ကျပ်သာရရှိသည့်အတွက် ဈေးပိုမိုရရှိသည့် ကွမ်းသီးအနုများ ပိုမိုခူးဆွတ်ရောင်းချသူများပြားလာကြတယ်။ ဒါကြောင့် ဈေးကောင်းရရှိပြီး ဝင်ငွေများရရှိကာ အဆင်ပြေလျက်ရှိပါတယ်” ဟု ကွမ်းခြံပိုင်ရှင် ဦး‌အောင်ကိုကပြောသည်။

ကလိန်အောင်မြို့၌ နှစ်ရှည်သီးနှံပင်ဖြစ်သည့် ကွမ်းသီးပင်သည် ရာသီဥတု သဘာဝတောတောင် ရေခံမြေခံအခြေအနေများအရ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းပြီးနှစ်စဉ် ကွမ်းသီးပင်စိုက်ပျိုးမှု တိုးပွားလာလျက်ရှိပြီး ယခုလအတွင်း မြို့‌ပေါ်ရပ်ကွက်၊ အနီးပတ်ဝန်းကျင်ကျေးရွာများမှာ ကွမ်းသီးပင်စိုက်ပျိုးရာသီဖြစ်၍ကွမ်းပင် စိုက်ပျိုးသူပေါများလျက်ရရှိကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)