ငါးသိုင်းချောင်း မေ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများအသင်း (Book Club)၊ လူငယ်အသင်း (Youth Club)တို့ ပူးပေါင်း၍ ခင်စောတင့်ရေးသားသည့် စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁ဝ)နာရီက မြို့ရုံးလူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် မြို့ဦးစီးမှူး ဒေါ်ခင်မာလာအောင်ကစာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာပေချစ်သူများအသင်းဥက္ကဋ္ဌ ဦးအောင်စိုးမြင့်က သိုက်မြုံမှခွာသောအခါနှင့် ရှူမဆုံးတော့သည် ခေါင်းစဉ်ကိုလည်းကောင်း၊ အဖွဲ့ဝင်ဦးမြင့်ဆွေက မွေးမေမေနှင့်ကျွေးမေမေနှင့် ထိုတစ်ညခေါင်းစဉ်ကိုလည်းကောင်း၊ လူငယ်အသင်း (Youth Club)မှ မောင်ဉာဏ်ဦးလွင်က ပန်းဥယျာဉ်အတွင်းဝယ်နှင့် နှုတ်ဆက်ခွဲခွာခေါင်းစဉ်တို့ကို ဆွေးနွေးပြောကြားကြရာ တက်ရောက်လာကြသူများက သိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်း ဆွေးနွေးပွဲများကို ဆောင်ရွက်ခြင်းဖြင့် လူငယ်လူရွယ်များ စာဖတ်သည့် အလေ့အကျင့်များရရှိစေရန်၊ စာဖတ်ခြင်းဖြင့် အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်စေရန်၊ အစုအဖွဲ့အတွင်း ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရန်ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
ငါးသိုင်းချောင်း (ပြန်/ဆက်)