လိပ်သို မေ ၁၇
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် မိုးဦးကျကာလ၌ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ယမန်နေ့နံနက် ၉ နာရီအချိန်မှစတင်၍ တိုက်နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက လိပ်သိုမြို့ပေါ်ရှိ ဘာသာရေးဆိုင်ရာအဆောက်အဦးများသို့ သွားရောက်ကာ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရေသိုလှောင်သည့် အိုးခွက်များ၊ ရေပီပါများ၊ ရေလှောင်ကန်များ၊ ရေပုံးများတွင် အဘိတ် (Abate) ဆေးခတ်ခြင်း၊ ရေတင်ကျန်နိုင်သည့် စွန့်ပစ်ထားသော အိုးစုတ်၊ ခွက်စုတ်များ၊ တာယာဟောင်းများ၊ ဘက်ထရီဟောင်းများ၊ ဝါးငုတ်၊ သစ်ခေါင်း၊ ရေမြောင်းများ၊ ဘုရားပန်းအိုးများ စသည့် ခြင်ကျား၊ ပိုးလောက်လန်း ပေါက်ပွားနိုင်သည့်နေရာများတွင် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိနေသည့်ဌာနဆိုင်ရာအဆောက်အဦးများ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ စာသင်ကျောင်းများ၊ ရပ်ကွက်များသို့လည်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆက်လက်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)