မြို့သစ်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းဝန်း၌ သုံးထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းရာနှုန်းပြည့်ပြီးစီး

မြို့သစ် မေ ၁၇

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းဝန်း အတွင်းသုံးထပ်ကျောင်းဆောင်သစ်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း စတင်အကောင်အထည်ဖော် ဆောက်လုပ်ခဲ့ရာ (၁၀၀) ရာခိုင်နှုန်း ရာနှုန်းပြည့်ပြီးစီး နေပြီဖြစ်ကြောင်း သိရသည်။

မြို့သစ်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း ဆောက်လုပ်လျက်ရှိသော သုံးထပ်ကျောင်းဆောင်သစ်ကို ပညာရေးဝန်ကြီးဌာန၏ ပြည်ထောင်စုရန်ပုံငွေကျပ်သန်းပေါင်း (၄၉၀ ဒသမ ၁၇၀) ကျပ်သန်းအကုန်အကျခံကာ Hard Body Company မှ တာဝန်ယူ တည်ဆောက်ခဲ့သည်။

အဆိုပါ သုံးထပ်ကျောင်းဆောင်သစ် (၁၄၀) ပေ (၃၀) ပေသံကူကွန်ကရစ် အဆောက်အဦးဆောက်လုပ်မှုအား သတ်မှတ်အရည်အသွေးပြည့်မီစေရန်နှင့် သတ်မှတ်ကာလတွင်းပြီးစီးရန် မြို့နယ်အရည်အသွေး စစ်ဆေးရေးကြီးကြပ်မှုကော်မတီတို့၏ အနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

သန်းဝင်းထွန်း ( ပြန်ဆက်)