ကန့်ဘလူ နိုဝင်ဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများဆန္ဒမဲပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုပျံ့နှံ့မှု မရှိစေရန် ယနေ့နံနက် ၆ နာရီကစတင်ကာ စနစ်တကျ မဲပေးလျက်ရှိကြောင်း သိရသည်။
အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများဆန္ဒမဲပေးရာ၌ ကိုဗစ်-၁၉. ရောဂါကူးစက်မှုမရှိစေရန် ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ Hand Gel ဖြင့် လက်ဆေးကြော သန့်စင်စေခြင်း၊ မဲရုံအဝင်၌ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ တန်းစီ၍ မဲပေးစေသည်။ ထို့ပြင် မဲရုံပရဝုဏ်အတွင်းနေရာများ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပညာပေးပိုစတာများ ချိန်ဆွဲထားပြီး ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ဆန္ဒမဲပေးစေခြင်းဖြစ်ကြောင်း သိရသည်။
ကန့်ဘလူမြို့ပေါ် (၅) ရပ်ကွက်၊ ဇီးကုန်းမြို့ (၆) ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၈၆) အုပ်စု စုစုပေါင်း ရပ်ကွပ်/ကျေးရွာအုပ်စု (၉၇) အုပ်စုရှိပြီး ဇီးကုန်းမြို့အပါအဝင် ကန့်ဘလူ မြို့နယ်အတွင်း မဲရုံပေါင်း ၂၀၄ ရုံ၊ မဲဆန္ဒရှင်ပြည်သူပေါင်း ၂၃၈၀၃၉ ဦးရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)