ကလေးမြို့၌ ဆင်းသုခနွေစပါးစံကွက်ရိတ်သိမ်းပွဲကို စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးနှင့် တာဝန်ရှိသူများကြည့်ရှုအားပေး

ကလေး မေ ၁၇

စစ်ကိုင်းတိုင်းစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူး ဦးစိန်မောင်မြင့်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် ကလေးမြို့နယ်၊ နန်းဇလူကျေးရွာ၌ကျင်းပသည့် နွေစပါးစံကွက်ရိတ်သိမ်းပွဲကို သွားရောက်ကွင်းဆင်းကြည့်ရှု၍ ဝန်ထမ်းများနှင့်‌ ဒေသခံတောင်သူများအားတွေ့ဆုံပြီး လမ်းညွှန်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါစံကွက်ရိတ်သိမ်းပွဲတွင် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးက ဝန်ထမ်းများနှင့် တောင်သူများအား အထွက်နှုန်းတိုးတက်သောဒေသနှင့်ကိုက်ညီသည့် မျိုးများစိုက်ပျိုးသင့်ကြောင်း၊ တစ်ဧကဝင်ငွေအချိုးများသော သီးနှံပုံစံနှင့်စိုက်ချိန်၊ စိုက်စနစ်ပြောင်းလဲ၍ စိုက်ပျိုးသင့်ကြောင်း၊ ရှေးယခင်တောင်သူများကျင့်သုံးခဲ့သော ခေါင်နှံမျိုးသန့်ရွေးချယ်ခြင်းဖြင့် ကိုယ့်မျိုးကိုယ်ထားစနစ်ကို ဦးစားပေးဆောင်ရွက်သင့်ကြောင်း သီးနှံများ၏လိုအပ်သော သွင်းအားစုမြေဩဇာများကို အချိန်ကိုက်အချိုးညီဆောင်ရွက်သုံးစွဲခြင်းဖြင့် အထွက်နှုန်းပိုမိုတိုးတက်လာမည်ဖြစ်ကြောင်းနှင့် လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့သည်။

နွေစပါးစံကွက်ရိတ်သိမ်းခြင်းကို ကလေးမြို့၊ နန်းဇလူကျေးရွာမှ တောင်သူဦးမောင်ပြူး၏ ဆင်းသုခနွေစပါးမျိုးစိုက်ခင်း၊ ကွင်းအမှတ် (၇၉၈)၊ ဧရိယာ(၇.၂၈)ဧကရှိ စံကွက် (၀.၁၀)တွင် ရိတ်သိမ်းရာစပါးတင်းအစို (၁၂၀) တင်း ထွက်ရှိခဲ့သည်။ စံကွက်ရိတ်သိမ်းပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူး၊ ကလေးမြို့နယ် စီမံခန့်ခွဲမှုကောမတီဥက္ကဋ္ဌဦးလှစိုး၊ ခရိုင်/မြို့နယ် စိုက်ပျိုးညှိနှိုင်းအဖွဲ့ဝင်များနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။

ခရိုင် (ပြန်/ဆက်)