ချောက်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ မီးသတ်ဦးစီးဌာနမှသောက်ရေ၊ သုံးရေများ လှူဒါန်းပေးလျက်ရှိ

ချောက် မေ ၁၇

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် သောက်သုံးရေအခက်အခဲမဖြစ်စေရေးအတွက် သောက်ရေသုံးရေများ လှူဒါန်းပေးလျက်ရှိရာ ယမန်နေ့နံနက် ၈ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနမှ ကျောက်တန်းကျေးရွာအုပ်စု ညောင်ပင်သာကျေးရွာသို့ သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သောက်ရေသုံးရေများကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစစ်ငြိမ်းအေး၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းဇော်ဝင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ရေသယ်ယာဥ်နှစ်စီးဖြင့် ရေဂါလံ (၃၂၀၀)အား ညောင်ပင်သာကျေးရွာရှိ အိမ်ခြေ (၁၂၀)၊ အိမ်ထောင်စု (၁၃၀)စု၊ လူဦးရေ (၄၆၃)ဦးအတွက်  သောက်သုံးရေပြတ်လပ်မှုမရှိစေရေး ဖြန့်ဝေလှူဒါန်း​ပေးခဲ့​ခြင်း​ဖြစ်ကြောင်း သိရသည်။

ချောက်မြို့နယ်အတွင်း သောက်သုံးရေအခက်အခဲမဖြစ်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံကြီးကြပ်မှုဖြင့် အလှူရှင်များ ချိတ်ဆက်ကာ မနောဖြူကားဖြင့် အုံမြှားကြီးကျေးရွာ၊ အုံမြှားရွာသစ်နှင့် ကန်သာ​ကျေးရွာများသို့လည်း သောက်ရေ၊ သုံးရေများ လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)