စစ်ကိုင်း မေ ၁၇
ယနေ့ခေတ် ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် စာကြည့်တိုက်များသို့ သွာရောက်၍ စာအုပ်၊ စာစောင်များကို ဖတ်ရှုမှုနည်းပါလာသဖြင့် လူငယ်များ စာဖတ်ရန်၊ စာဖတ်ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ စာအုပ်၊ စာပေများကို စိတ်ဝင်စားလာစေရန်နှင့် ဖတ်ရှုအသုံးပြုလာစေရန်၊ ကျောင်းစာတွင်သာမက ပြင်ပအသိပညာဗဟုသုတများ ပိုမိုရရှိလာစေရန် ရည်ရွယ်ချက်ဖြင့် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲကို မေလ(၁၆) ရက် နံနက် (၁၀) နာရီ အချိန်က အောင်မြေဦးဘုန်းတော်ကြီးသင်ပညာရေးကျာင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက စာဖတ်ခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများ၊ မိမိတို့ဌာနအနေဖြင့် ပြည်သူများအတွက် ယခုလက်ရှိ ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများအကြောင်းကို ရှင်းလင်းဟောပြော ဆွေးနွေးခဲ့ပြီး ဦးစီးအရာရှိ ဒေါ်ထက်ထက်လင်းက စာအုပ်၊ စာပေ လူ့မိတ်ဆွေ ခေါင်းစဉ်ဖြင့် ဟောပြောဆွေနွေးခဲ့ကြသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး၊ အပူဒဏ်ကာကွယ်ရေး အသိပညာပေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များနှင့် ဓာတ်ပုံပြဘုတ်များအား ကြည့်ရှုလေ့လာခဲ့ပြီး နယ်လှည့်စာကြည့်တိုက်ဖြင့် သုတ၊ ရသစာအုပ်များ အားငှားရမ်းပေးခဲ့ကြောင်း သိရှိရသည်။
ဇော်မြင့်နိုင်
စစ်ကိုင်းခရိုင်(ပြန်/ဆက်)