သဖန်းဆိပ်ရေသောက်ဧရိယာအတွင်းရှိ ဆီထွက်သီးနှံ (နှမ်း) စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

မုံရွာ မေ ၁၆

နိုင်ငံတော်မှတည်ဆောက်ထားသည့် ဆည်၊ ကန်၊ ရေလှောင်တမံများအနက် စစ်ကိုင်းတိုင်း ဒေသကြီးတွင် (၃၅)ခု၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်မကွေးတိုင်း (နယ်စပ်) တွင် (၁) ခု ထိန်းသိမ်းထားရှိပြီး အကျိုးပြုဧရိယာ (၅၃၉၃၃၂) ဧကကို သိုလှောင်ထားသည့် ရေပမာဏအရ နှစ်စဉ်မိုးစပါး၊ နွေစပါးနှင့်အခြားသီးနှံများကို ရာသီအလိုက် စိုက်ပျိုးရေပေးဝေလျက်ရှိရာ ယခုနွေစပါးစိုက်ပျိုးရာသီတွင် သဖန်းဆိပ် ရေသောက်ဧရိယာအတွင်း ဆီထွက်သီးနှံ (နှမ်း) စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း တိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

သဖန်းဆိပ်ရေလှောင်တမံသည် ရေစတင်ပေးဝေသည့် ဖေဖော်ဝါရီလတွင် တမံအတွင်းရေအမှတ် အမြင့် (၅၄၄.၁၀) ပေ၊ သိုလှောင်ရေ ပမာဏ (၂၇၀၇၈၂၂) ဧကပေရှိရာ ယနေ့တွင် (၅၃၁.၂၂) ပေ၊ သိုလှောင်ရေပမာဏ (၁၆၂၆၈၆၀) ဧကပေရှိပြီး ယခုနွေစပါးစိုက်ပျိုးရာသီတွင် ဆည်ရေသောက်ဧရိယာ များဖြစ်သည့် ကန့်ဘလူ၊ ခင်ဦး၊ ရွှေဘို၊ ဝက်လက်၊ စစ်ကိုင်း၊ ရေဦး၊ ဒီပဲယင်း၊ အရာတော်၊ ဘုတလင်၊ တန့်ဆည်မြို့များ တွင် နွေစပါး(၁၄၁၈၉၈) ဧက၊ အခြားသီးနှံ (၁၁၃၃၇၃) ဧက စိုက်ပျိုးနိုင်ခဲ့ရာမှ ခင်ဦး၊ ရွှေဘို၊ ဝက်လက်၊ ဒီပဲယင်း၊ အရာတော်မြို့နယ်တို့တွင် အခြားသီးနှံ နွေနှမ်း (၈၄၉၇၂) ဧက စိုက်ပျိုးနိုင်ခဲ့ခြင်း ကြောင့် အခြားသီးနှံအပေါ် နွေနှမ်းစိုက်ပျိုးမှု ၇၅ ရာခိုင်နှုန်း စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

ဆီထွက်သီးနှံ (နှမ်း) ပန်းတိုင်အထွက်နှုန်း အောင်မြင်ရေးအတွက် အပင်ဖြစ်ထွန်းမှုအခြေအနေအရ ရေလိုအပ်ချက်ကို နေရောင်ခြည်သုံး Rain Gun များ (ဖျန်းရေ) ဖြင့် ပံ့ပိုးပေးလျက်ရှိသည့်အတွက် တောင်သူများအနေဖြင့် အဆိုပါ Rain Gun များကို အသုံးပြု၍ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းလျက်ရှိသည်။

သဖန်းဆိပ်ရေလှောင်တမံသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် တည်ရှိပြီး ကန်ရေပြည့်ရေလှောင်ပမာဏ (၂၈၈၀၀၀၀) ဧကပေရှိရာ နှစ်စဉ်ပျမ်းမျှ မိုးစပါး (၄၈၃၀၀၀) ဧက၊ နွေစပါး (၂၃၅၀၀၀) ဧကနှင့် အခြားသီးနှံ (၃၃၀၀၀) ဧက၊ စုစုပေါင်း (၇၅၁၀၀၀) ဧကခန့်ကို စိုက်ပျိုးရေပေးဝေလျက်ရှိပြီး ပျမ်းမျှတစ်နှစ်ပတ်လုံး လျှပ်စစ်ဓာတ်အားကီလိုဝပ် နာရီသန်းပေါင်း (၁၂၀.၆၅၉) ခန့် ထုတ်လုပ်ပေးနိုင်သည့် ရေအားလျှပ်စစ်ထုတ်လုပ်ရေးနှင့် လယ်ယာစိုက်ပျိုးရေးအတွက် များစွာအကျိုးပြုသည့် ရေလှောင်တမံတစ်ခုဖြစ်ကြောင်း သိရှိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)