မြန်အောင် မေ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ဆီထွက်သီးနှံအထူးဇုန်မှ တောင်သူများအား မြေပဲ၊ နှမ်း၊ နေကြာ အထွက်နှုန်းတိုးတက်ရေးနည်းပညာပေးသင်တန်းကို ယမန်နေ့နံနက်က မြန်အောင်မြို့နယ် ကဇွန်းခုံကျေးရွာအုပ်စု၊ ကုန်းတလုံးကျေးရွာ ဒက္ခိဏရာမကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည်။
ဦးစွာ အခမ်းအနားတွင် မြန်အောင်ခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်က တိုင်းဒေသကြီး ဆီထွက်သီးနှံအထူးဇုန် မြန်အောင်ခရိုင်၊ မြန်အောင်၊ ကြံခင်းမြို့နယ်အတွင်းရှိ ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာစိုက်ဧကပြည့်မှီရေး၊ ဆီထွက်သီးနှံ အထွက်နှုန်းတိုးတက်ရေးနှင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရှင်များ၏ ဆွေးနွေးပို့ချမှုများကို လေ့လာမှတ်သားကြရန် အဖွင့်အမှာစကားပြောကြားပြီး ဆီထွက်သီးနှံအထူးဇုန် အကောင်အထည်ဖော်ရေးစီမံကိန်း၊ နည်းပညာပေးသင်တန်း အဖွဲ့ခေါင်းဆောင်၊ ပြည်ထောင်စုဇုန်ချုပ်တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးက ဆီထွက်သီးနှံများ အထွက်နှုန်းတိုးတက်ရေး နည်းပညာပေးသင်တန်းများ ဆောင်ရွက်ရခြင်းအကြောင်း ရှင်းလင်းဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ရုံးချုပ်မှ စိုက်ပညာ၊ သီးနှံကာကွယ်ရေး၊ မြေအသုံးချရေး၊ မျိုးစေ့ဌာနခွဲများမှ ပညာရှင်များက ဆီထွက်သီးနှံမြေပဲ၊ နှမ်း၊ နေကြာအထွက်နှုန်းတိုးတက်ရေးနည်းပညာများ ဆွေးနွေးပြောကြားခဲ့ကြသည်။
မြန်အောင်၊ ကြံခင်းမြို့နယ် ဆီထွက်သီးနှံ အထူးဇုန်(၁) အထွက်နှုန်းတိုးတက်ရေး နည်းပညာပေးသင်တန်းသို့ မြန်အောင်ခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြန်အောင်၊ ကြံခင်း စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုလုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဆီထွက်သီးနှံအထူးဇုန်(၁)တာဝန်ခံ၊ ဟင်္သာတခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ဒုခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်စန်း၊ မြန်အောင်၊ ကြံခင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြန်အောင်၊ ကြံခင်းမြို့နယ်တို့မှ တောင်သူ(၂၀၀)ဦး ကျော် တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)