မြဝတီ မေ ၁၇
ကရင်ပြည်နယ်၊ မြဝတီမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ကြားနိုင်ရေးလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့က မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ မြဝတီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က အဖွင့်အမှာစကားပြောကြားပေးပြီး ကြီးကြပ်မှုကော်မတီနာယက ဦးမြင့်ဦီးက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မေ ၃၀ ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ ကျောင်းများပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်၍ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းပတ်ဝန်းကျင်ပုရိဝုဏ်အတွင်း သန့်ရှင်းရေးကြိုတင်ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေး၊ ပညာသင်ခွင့်ရရှိရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်းနှင့် ကျောင်းအုပ်ကြီးများအနေဖြင့် မိမိကျောင်းအုပ်ချုပ်မှုစွမ်းရည်ကောင်းမှသာ ပညာပြည့်ဝသည့်ကျောင်းသား၊ကျောင်းသူများ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် ဌာနဆိုင်ရာကော်မတီဝင်များနှင့် အခြေခံပညာကျောင်း ၁၂၆ ကျောင်းမှ တက်ရောက်ကြသည့် ကျောင်းအုပ်ကြီးများက သိရှိလိုသည့်အချက်များ မေးမြန်းဆွေးနွေးခဲ့ကြရာ ကြီးကြပ်မှုကော်မတီနာယက ဦးမြင့်ဦးက ဖြည့်စွက်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(မြဝတီ)