ကန့်ဘလူ မေ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် ဒေသတွင်းစိမ်းလန်းစိုပြည်ရေးနှင့် ရာသီဥတုကောင်းမွန်မျှတစေရန်အတွက် ပျိုးပင်များအခမဲ့ဖြန့်ဝေပေးနိုင်ရန် ပျိုးပင်ပေါင်း ၂၀၀၀၀ ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
မြို့နယ်သစ်တောဦးစီးဌာနမှ ဒေသတွင်း စိမ်းလန်းစိုပြည်ရေးနှင့်ရာသီဥတုကောင်းမွန်မျှတစေရန်အတွက် နှစ်စဥ်မိုးရာသီတွင် သစ်ပင်များစိုက်ပျိုးနိုင်ရန် ပျိုးပင်များပျိုးထောင်ပြီး မြို့နယ်အတွင်းရှိ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်နှင့် ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာများမှ ဒေသခံပြည်သူများကို အခမဲ့ဖြန့်ဝေပေးလျက်ရှိသည်။
ထိုသို့ဖြန့်ဝေပေးလျက်ရှိရာ ယခုနှစ်တွင် မြို့နယ်အတွင်းရှိ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက် ပျိုးပွဲတော်နှင့်ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ရပ်ကွက်/ကျေးရွာများမှ ဒေသခံပြည်သူများအတွက် အခမဲ့ဖြန့်ဝေပေးနိုင်ရန် အမှတ် (၃) ရပ်ကွက်ရှိ ရွှေကျွန်းတောပျိုးဥယျာဥ် (သစ်တောဌာနပိုင်) တွင် ပျိုးပင်ပေါင်း ၂၀၀၀၀ ပျိုးထောင်ထားရှိသည်။
ယင်းသို့ ပျိုးပင်များပျိုးထောင်ရာတွင် နှစ်ရှည်ခံနှင့်အရိပ်ရပင်များဖြစ်သည့် တမာပင် ၆၀၀၀၊ ကျွန်းပင် ၃၀၀၀၊ ယူကလစ်ပင် ၅၀၀၀၊ မယ်ဇလီပင် ၂၀၀၀၊ ဗန်ဒါပင် ၁၅၀၀၊ သင်္ဘောတယ်ပင် ၁၀၀၀ နှင့်စိန်ပန်း ၁၅၀၀ စုစုပေါင်း ၂၀၀၀၀ ပျိုးထောင်ထားရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)