ပဲခူး မေ ၁၇
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ၂၀၂၄ ခုနှစ်၊ စာတတ်မြောက်ရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့ တက်ရောက် ချီးမြှင့်ပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက "ဒို့အင်အား"သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပေးသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည်နှင့်အညီ စာတတ်မြောက်မှုရှိမှသာ အဆင်ပြေနိုင်မှာဖြစ်ပြီး ကျေးလက်နေပြည်သူများ၊ တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ပညာဟုဆိုရာတွင် အသိပညာ၊ အတတ်ပညာဟူ၍(၂)ပိုင်းရှိပြီး အကြောင်းအကျိုး၊ အကောင်းအဆိုး ခွဲခြားသိရှိနိုင်သော အသိဉာဏ်ဖြစ်လာစေရေးနှင့်အတူ စာတတ်ပြီးသူများ စာဖတ်ရှိန်မြှင့်တင်ခြင်း၊ ဝင်ငွေတိုးပွားအောင် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ကျန်းမာလုံခြုံသော ဘဝများပိုင်ဆိုင်ဖို့ ဘဝသာယာရေးဆောင်ရွက်ပေးမည့် “စဉ်ဆက်ပညာရေး”ကို ဆက်လက်ဆောင်ရွက်သွားကြရန်နှင့် တိုင်းဒေသကြီးအတွင်း နေထိုင်လျက်ရှိသော တိုင်းရင်းသား ပြည်သူများအတွက် လောကီ၊ လောကုတ္တရာ ကောင်းကျိုးတိုးပွားစေမည့် အသိပညာ၊ အတတ်ပညာများ သင်ကြားပေးခဲ့သည့် သင်တန်းနည်းပြများ၊ ကြီးကြပ်ဆရာ/ဆရာမများအား အထူးပင်ကျေးဇူးတင်ရှိကြောင်း ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက စာတတ်မြောက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရေးဦးစီးကော်မတီ၏ မှတ်တမ်းတင်ဂုဏ်ပြုသည့် ဂုဏ်ပြုမှတ်တမ်းလွှာအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးပညာရေးမှူးတို့အားလည်းကောင်း၊ အခြေခံပညာစာတတ်မြောက်ရေးလုပ်ငန်းတွင် နည်းပြ/ကြီးကြပ်များအဖြစ် ဆောင်ရွက်ခဲ့သူများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုထောက်ပံ့သည့် အင်္ကျီ၊ ဦးထုပ်နှင့်အိတ်များလည်းကောင်း၊ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က နည်းပြ/ကြီးကြပ်များအား ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က သင်တန်းသားများအား သင်ယူပြီးမြောက်ကြောင်း လက်မှတ်များကိုလည်းကောင်း အသီးသီးချီးမြှင့်ပေးအပ်ကြသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများက ပဲခူးတိုင်းဒေသကြီး ၂၀၂၄ ခုနှစ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မှု Video Clip အား ကြည့်ရှုခဲ့ကြပြီး အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းသား၊ ကျောင်းသူလေးများက "စေတနာပန်းတို့လန်းရာမြေ" သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က အခမ်းအနားတက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားသူများ အခြေခံစာတတ်မြောက်စေရေးအတွက် စာသင်သား(၉၅၆၃)ဦးအား စာသင်ဝိုင်း(၇၁၁)ဝိုင်း၊ စေတနာလုပ်အားပေး နည်းပြ/ ကြီးကြပ်(၇၈၈)ဦးဖြင့် ဧပြီလ(၆)ရက်နေ့မှစ၍ ရက်ပေါင်း(၄၀)ကြာ သင်ကြားပေးခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)