ပွင့်ဖြူ မေ ၁၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနက ယမန်နေ့နံနက်ပိုင်းက သောက်သုံးရေလိုအပ်သော လွမ်းတောင်တောရဘုန်းတော်ကြီးကျောင်းရှိ ဆရာတော်၊ သံဃာတော်များ သောက်သုံးရေ ဖူလုံစေရန်အတွက် ရေသယ်ယာဉ်ဖြင့် သောက်သုံးရေများ ဖြည့်ဆည်းလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ရေသယ်ယာဉ်ဖြင့် ပြည်သူ့အကျိုးပြု သောက်သုံးရေများ လှူဒါန်းပေးရာတွင် ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက လွမ်းဝောာင်တောရဘုန်းတော်ကြီးကျောင်းရှိ ရေလှောင်ကန်နှင့် တိရစ္ဆာန်သောက်သုံးရေကန်များကို ရေဂါလံ ၁၆၀၀ အား သောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်ရန် စနစ်တကျ ဖြည့်ဆည်းလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် နယ်မြေအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ကျေးရွာနေပြည်သူများကို သောက်သုံးရေ ပြတ်လပ်မှုမရှိစေရန်နှင့် ဖူလုံစွာ သုံးစွဲနိုင်ရန်အတွက် ဌာနပိုင် ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ ဖြည့်ဆည်းလှူဒါန်းပေးလျက်ရှိသည့်အပြင် မီးဘေးလုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်က ပြောကြားခဲ့သည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)