ရွှေဘိုမြို့တွင် မူကြိုအဆင့် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် သီချင်းဆိုပြိုင်ပွဲကျင်းပ

ရွှေဘို  ဖေဖော်ဝါရီ  ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Book Club စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် Youth Club လူငယ်အသင်းတို့ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီက မူကြိုအဆင့် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ နှင့် သီချင်းဆိုပြိုင်ပွဲကို Community Centre ခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးမင်းဇော်က ပြိုင်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ကလေးငယ်များအချင်းချင်း ယှဉ်ပြိုင်ကြိုးစားလိုစိတ်ရှိပြီး မိမိကိုယ်ပိုင်အရည်အချင်းများကို ဖော်ထုတ်နိုင်စေရန်နှင့် လူထုကြားတွင် ပြောတတ်ဆိုတတ် နိုင်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အမှတ်ပေးဒိုင်(၃)ဦးကိုယ်စား လူငယ်ကဗျာဆရာ ဦးမိုးစက်မှ အမှတ်ပေးစည်းမျဉ်းများ စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ထိုပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် သီချင်းဆိုပြိုင်ပွဲသို့ မူကြိုအဆင့် ကျောင်းသား/သူ (၄၁)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြိုင်ပွဲတွင်ဆုရရှိသူများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှုး ဦးမျိုးမင်းဇော်၊ မြို့နယ်ဦးစီးမှူး ဒေါ်အိသက်ခိုင်နှင့် တာဝန်ရှိသူများက ဆုများကို အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။

ထွန်းမြင့်အောင်(ရွှေဘို)