လွိုင်ကော် မေ ၁၇
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကယားပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ(၁၅)ရက်နေ့ နံနက်ပိုင်းက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး ၊ ပြည်နယ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ဒေသကွပ်ကဲရေးမှူး ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ ၊ ခရိုင် ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် ခရိုင်၊ မြို့နယ် ပညာရေးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပညာရေးမူဝါဒများနှင့်အညီ ပြည်နယ်အတွင်း လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်နယ်အတွင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းဖွင့်ရာသီအမီ ကျောင်းနေအရွယ်ကလေးများ အားလုံး ပညာသင်ကြားနိုင်ရန် အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျောင်းများလုံခြုံမှုရှိစေရေး၊ ကျောင်းများ ဥပဓိရုပ်ခန့်ထည်မှု ရှိစေရေး၊ ကျောင်းသုံးပရိဘောဂများ ၊ ပုံနှိပ်စာအုပ်၊ သင်ထောက်ကူပစ္စည်းများ ပြည့်စုံမှုရှိစေရေး အချိန်မီ ဖြည့်တင်းဆောင်ရွက်ထားရန် မှာကြားလိုကြောင်း၊ ကျောင်းသားဆရာအချိုးမျှတမှု ရှိစေရေး အတွက် သင်ကြားရေး ဆရာ/ဆရာမများ လုံလောက်မှုရှိစေရေး ပြင်ဆင်စုဖွဲ့ထားရန်လိုအပ်ပြီး ကျောင်းအပ်လက်ခံခြင်း ကိစ္စရပ်များ အဆင်ပြေ ချောမွေ့မှုရှိစေရေးနှင့် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသားမိဘများနှင့် လုံခြုံရေးတာဝန်ယူသောအဖွဲ့အားလုံးက တက်ညီလက်ညီဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ ပညာရေးကဏ္ဍနှင့် ပတ်သတ်ပြီး ပြည်နယ်အစိုးရအဖွဲ့မှ ဖြည့်ဆည်းဆောင်ရွက် ပေးရန်များရှိပါက ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန် မှာကြားလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ပြည်နယ်ပညာရေးမှူးတို့က (၂၀၂၄-၂၀၂၅) ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို (Power Point) ဖြင့် ရှင်းလင်းတင်ပြခြင်းပြီး ပြည်နယ်အစိုးရ
အဖွဲ့ဝင်များနှင့် အစည်းအဝေးတက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)