ပိုင်ကျုံမြို့၌  မိသားစုအပိုဝင်ငွေ ရရှိရေးအတွက် တပိုင်တနိုင် ဟင်္သာဘဲများ မွေးမြူ

ပိုင်ကျုံ မေ ၁၇

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ရှိ ဒေသနေပြည်သူများသည် အများအားဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်သည့်အပြင် မိသားစု အပိုဝင်ငွေရရှိစေရေးတွက် မွေးမြူရေး လုပ်ငန်းများဖြစ်သည့် ဟင်္သာဘဲများကိုလည်း တပိုင်တနိုင် တွဲဖက်၍ မွေးမြူလျက်ရှိကြောင်း သိရသည်။

ဘဲများ မွေးမြူရာတွင် ရောဂါများ ကျရောက်မှု မရှိစေရေးအတွက် ကာကွယ်ဆေးနှင့် သံချဆေးများ ပုံမှန်တိုက်ကျွေးရကြောင်း၊ ဘဲများသည် ပျံကျလှည့်လည်သည့် စနစ်ဖြင့် မွေးမြူသည်ဖြစ်၍ မီးဖိုချောင်စွန့်ပစ်ပစ္စည်းများ၊ ဆန်စပါး၊ ဖွဲ၊ ကောက်ပဲသီးနှံများနှင့် အခြားအလွယ်တကူ ရရှိသော အစားအစာများ စားသောက်ရှင်သန်နိုင်ကြောင်း၊  ဘဲမတစ်ကောင်လျှင် ဥ ၁၀ လုံးမှ ၁၃လုံးအထိ ဥလေ့ရှိကြောင်း၊ ဥအနေဖြင့် ရောင်းပါက ဘဲဥတစ်လုံးလျှင် ၅၀၀ ကျပ်ဖြင့် ရောင်းချရကြောင်း၊ ဘဲပေါက်များ ၃လ မှ ၄ လ အထိ မွေးမြူပြီး ရောင်းချနိုင်ကြောင်း၊  ဘဲပေါက်တစ်စုံလျှင် ငွေကျပ် ၁၀၀၀၀မှ ၁၅၀၀၀ ထိ ရောင်းချရရှိပြီး ပိဿာအားဖြင့် တစ်ပိဿာလျှင် ငွေကျပ်- ၁၃၀၀၀ အထိ ရောင်းချရကြောင်း ဘဲမွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူတစ်ဦးထံမှ သိရသည်။

ဘဲများ တပိုင်တနိုင် မွေးမြူခြင်းကြောင့် မိသားစုများ၏ စားဝတ်ရေးအတွက် အလွယ်တကူ ဖြေရှင်းနိုင်သည့်အပြင် ဘဲမှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများကို မိသားစု တပိုင်တနိုင် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း များစွာ အထောက်အကူဖြစ်စေပါကြောင်း  သိရသည်။

နော်ခူး (ပြန်/ဆက်)