ဘားအံ မေ ၁၇
ဘားအံစက်မှုဇုန်ရှိ စက်ရုံအလုပ်ရုံများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး အားပေးမြှင့်တင်နိုင်ရန်၊ နည်းပညာ၊ အရင်းအနှီးနှင့် ဈေးကွက်အထောက်အပံ့များ ရရှိနိုင်ရေးအတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၈ နာရီက အဆိုပါစက်မှုဇုန်ရှိ စက်ရုံအလုပ်ရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် Precision Auto Engineering Co.,Ltd ၏ ဘားအံစက်မှုဇုန်ရှိ BAJA အမှတ်တံဆိပ် သုံးဘီးနှင့်မော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ်သည့် စက်ရုံတွင် နေ့စဉ်အလုပ်သမား ၆၀ ဦးခန့်ဖြင့် တစ်ရက်လျှင် BAJA RE နှင့် BAJA Maxima အမှတ်တံဆိပ်သုံးဘီးယာဉ် ၄၅ စီးခန့် တပ်ဆင်ထုတ်လုပ်၍ နိုင်ငံတစ်ဝန်း ဖြန့်ဖြူးရောင်းချပေးနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ Precision Auto Engineering Co.,Ltd Ptoject general manager နှင့် တာဝန်ရှိသူများက ကုန်ကြမ်းရရှိမှုနှင့် လုပ်ငန်းလည်ပတ်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံခြားငွေ သုံးစွဲမှု လျော့ချနိုင်ရေး စက်ပစ္စည်း အစိတ်အပိုင်းများ ပြည်ပမှ မှာယူတင်သွင်းမှုများကို လျော့ချ၍ ပြည်တွင်း၌သာ ထုတ်လုပ်တပ်ဆင်အသုံးပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံစက်မှုဇုန်ရှိ စောငမန်းရာဘာ သစ်ပါးလွှာ စက်ရုံ၌ အလုပ်သမား ၄၀ ဦးခန့်ဖြင့် အထပ်သားအခွံခွာအကြမ်းစက်၊ အထပ်သားအချောစက်၊ ဓါးသွေးစက်၊ ဖိသိပ်ထုတ်ပိုးစက်များဖြင့် ရာဘာသစ်ပါးလွှာ ထုတ်လုပ်ပုံအဆင့်ဆင့်၊ အရည်အသွေး ခွဲခြားပါကင်ထုတ်ပိုးထားရှိမှုနှင့် ဈေးကွက်တင်ပို့မှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဒေသတွင်း ကုန်ကြမ်းရရှိမှု၊ သစ်ပါးလွှာထုတ်လုပ်မှုနှင့် ဈေးကွက်ရရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရာဘာသစ်ပါးလွှာထုတ်လုပ်ရာမှ ရာဘာအထပ်သား၊ ကြိတ်သား၊ သုံးထပ်သား၊ ငါးထပ်သား၊ ရာဘာသစ်အချောထည်ပစ္စည်းများ ထုတ်လုပ်နိုင်သည့် စက်ရုံသို့ အဆင့်မြှင့်တင်ဆောင်ရွက်သွားနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါစက်မှုဇုန်ရှိ Kyaw-3 ကော်ပစ္စည်းမျိုးစုံ ထုတ်လုပ်ရေးလုပ်ငန်း၌ အလုပ်သမား ၃၀ ကျော်ဖြင့် တစ်ရက်လျှင် ကုန်ကြမ်းကော်စေ့ ၂ တန်ခန့် အသုံးပြု၍ ကော်ပစ္စည်းမျိုးစုံ ထုတ်လုပ်နေမှု အခြေအနေကို လိုက်လံကြည့်ရှုစစ်ဆေးရာ လုပ်ငန်းရှင် ဦးကျော်ဌေးဦးက ကုန်ကြမ်းရရှိမှုနှင့် ကုန်ချောထုတ်လုပ် တင်ပို့ရောင်းချမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်း စွန့်ပစ်ပလတ်စတစ်နှင့် ကော်ပစ္စည်းများကို ကုန်ကြမ်းအဖြစ် ပြန်လည်သန့်စင်အသုံးပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
ဘားအံစက်မှုဇုန်သည် (၉၆၉) ဧက ကျယ်ဝန်းပြီး စက်ရုံအလုပ်ရုံ (၂၉) ရုံ လုပ်ငန်းလည်ပတ်လျက်ရှိကာ တည်ဆောက်ဆဲ စက်ရုံ (၁၄) ရုံနှင့် ဒေသခံပြည်သူအလုပ်သမား ( ၃၇၀) ဦးခန့်အား အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးထားကြောင်းနှင့် ပြည်နယ်အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ ရေရရှိရေးအစရှိသည့် Infrastructure ပိုင်းကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးထားကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံတက္ကသိုလ် ပရဝုဏ်အတွင်း အဝီစိရေတွင်းများမှ ရေလိုက်နည်းပါးလာသဖြင့် ဘားအံခရိုင် မီးသတ်စခန်းနှင့် ဘားအံမြို့နယ် မီးသတ်စခန်းတို့မှ မီးသတ်ရေသယ်ယာဉ် (၆) စီးဖြင့် စုစုပေါင်း ရေဂါလံ ၉၆၀၀ အား သွားရောက်လှူဒါန်းပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)