သာပေါင်း မေ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ စာသင်ဝိုင်းသင်ကြားနေမှုကို ကြည့်ရှုအားပေးပြီး၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ၍ Drum Seeder များပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မေလ ၁၅ ရက်နေ့၊မွန်းလွဲ ၁ နာရီခွဲအချိန်က ပြည်အေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ လူမှုရေးရေးဝန်ကြီးဦးခင်မောင်ကြည်နှင့်အဖွဲ့များ၊ ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရည်မွန်နှင့်အဖွဲ့များက တောင်ကလေးကျေးရွာအုပ်စု၊ တောင်ကလေးကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းတွင် စာသင်ဝိုင်းသင်ကြားနေမှုအခြေအနေ၊ စာတတ်မြောက်မှုအခြေအနေ၊ အရေး၊ အဖတ်၊ အတွက်စွမ်းရည်အခြေအနေတို့ကို ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များပြန်လည်သင်ကြားပေးရေး၊ ဖြည့်စွက်ဆောင်ရွက်ပေးရေးတို့ကိုမှာကြားကာ နည်းပြဆရာမ၊ စာသင်သားများအား အချိုရည်နှင့်ရေသန့်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ လူမှုရေးရေးဝန်ကြီးဦးခင်မောင်ကြည်နှင့် အဖွဲ့များ၊ ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရည်မွန်နှင့်အဖွဲ့များသည် ပြည်အေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတတ်မြင့်မားရေးကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့်တွေ့ဆုံပြီး စိုက်ပျိုးရေးကိစ္စရပ်များ၊ သစ်စိမ်းမြေသြဇာများ မြေမြှုပ်စိုက်ပျိုးရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဆီထွက်သီးနှံဖူလုံရေး၊ နေကြာသီးနှံများစိုက်ပျိုးရေး၊ တစ်သီးမှသုံးသီးစိုက်ပျိုးရေး၊ ကြဲခင်းစနစ်လျော့နည်းပပျောက်ရေး၊မျိုးစေ့ချ ကိရိယာ Drum Seeder ဖြင့် စိုက်ခင်းစနစ်စိုက်ပျိုးရေး၊ ကောက်စိုက်စက်အသုံးပြုရေးတို့ကိုမှာကြားပြီး ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ မျိုးစေ့ချကိရိယာ (Drum Seeder) များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း
သာပေါင်း (ပြန်/ဆက်)