ထန်းတပင်မြို့နယ်၌ ကျောင်းသား၊ကျောင်းသူများအား သစ်တောသစ်ပင်နှင့်ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး

ထန်းတပင်(ရန်ကုန်) မေ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် သစ်တောဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ကျောင်းသူများအား သစ်တောသစ်ပင်နှင့်ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေးဆိုင်ရာ အသိပညာများတိုးပွားလာစေရန်၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၏ အခြေခံအကြောင်းအရင်းများကို သိရှိနားလည်တန်ဖိုးထားတတ်စေရန်၊ သစ်တောများနှင့်ရေဝေရေလဲဒေသများကို ထိန်းသိမ်းစောင့်ရှောက်တက်စေရန်နှင့် သစ်တောများ၏အကျိုးကျေးဇူးများကို သိရှိနားလည်စေရန်ရည်ရွယ်၍ သစ်တောသစ်ပင်နှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယနေ့ နံနက်ပိုင်းက အ.ထ.က(ထန်းတပင်)ကျောင်း၊ လှိုင်ရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် အ.ထ.က(ထန်းတပင်)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအေးမောင်က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးနိုင်လင်းထွန်းက ကျောင်းသား၊ကျောင်းသူများအား သစ်တောသစ်ပင်နှင့်ဇီဝမျိုးစုံမျိုးကွဲအကြောင်းအရာများ၊ သစ်တောသစ်ပင်များမှ ရာသီဥတုပြောင်းလဲမှုလျော့ချခြင်းအကြောင်းအရာများ၊
  သစ်တောများနှင့်ရေဝေရေလဲဒေသများထိန်းသိမ်းခြင်းနှင့် သစ်တောများမှပေးစွမ်းနိုင်သော အကျိုးကျေးဇူးများအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ သစ်ပင်စိုက်ပျိုးခြင်းအခြေခံနည်းစနစ်များကို မြို့နယ်ဦးစီးဌာနမှူး ဦးနိုင်လင်းထွန်းနှင့်ဝန်ထမ်းများက သရုပ်ပြရှင်းလင်းပြသကာ ကျောင်းဝန်းအတွင်း ကံ့ကော်ပင်(၁)နှင့် ခရေပင်(၂)တို့အား အမှတ်တရလက်တွေ့စိုက်ပျိုးပြသပေးခဲ့ကြပြီး ရန်ကုန်-ပုသိမ်ကားလမ်းမ သီတာအေး(ယာယီ)ပျိုးဥယျာဉ်တွင် သစ်ပင်ပျိုးထောင်ထားရှိမှု အခြေအနေများကို ကျောင်းအုပ်ဆရာကြီး၊ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက သွားရောက်ကြည့်ရှုလေ့လာခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများကသိရှိလိုသည်များ မေးမြန်းခဲ့ကြရာတာဝန်ရှိသူများက ပြန်လည်၍ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)