ငပုတောမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ ပုံမှန် လဝက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ငပုတော မေ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်သူနှင့်  အဖွဲ့ဝင်များ၊ မြို့နယ်ဌာန ဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက အဖွင့်အမှာစကား ပြောကြားရာတွင် မကြာမီကာလာတွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်၍ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းမှူရှိစေရေး၊ စိန်းလန်းစိုပြေစေရေးအတွက် အထူးအလေးထားဆောင်ရွက်ရန်၊ ကဆုန်ညောင်ရည်သွန်းပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်၊ မြို့နယ်‌ကျက်သရေဆောင် ရွှေမြင်တင်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူနိုင်ရေးအတွက် အလှူငွေများဆက်ကပ်လှူဒါန်းနိုင်ရေး၊ မြို့သန့်ရှင်းသာယာလှပစေရေး အလေးထားဆောင်ရွက်ရန် ပြောကြားပြီး အဖွဲ့ဝင်(၁)က လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှူအခြေအနေနှင့် လိုအပ်ချက်များ တင်ပြလာမှုအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)