ယာယီနေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာများ ထောက်ပံ့ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ကသာ မေ ၁၆

ကသာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ယာယီနေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာထောက်ပံ့ပေးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ခေတ္တမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲထွန်းက သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် ယာယီနေရပ်စွန့်ခွာသူများအား တစ်ဦးလျှင် တစ်ရက်စာ ဆန်နို့ဆီဗူး (၂)ဗူးနှုန်းဖြင့် ရက်ပေါင်း (၉၀)အတွက် ဗူး(၁၈၀)ကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ဆန်ဖြန့်ဝေမှုအတွက် ဝန်ထမ်းအင်အားစာရင်းများကို သေချာစွာပြုစုပေးပို့ရန်နှင့် လက်ခံရရှိမှုမှတ်တမ်းများကို ပြည့်စုံစွာဆောင်ရွက်ထားကြရန် ဆွေးနွေးပြောကြားသည်။ ထို့အပြင် မိမိတို့ဌာန ဝန်ထမ်းများထဲမှ စစ်မှုထမ်းလိုသောဝန်ထမ်းများရှိပါကလည်း စစ်မှုထမ်းဆောင်နိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပညာရေးဌာနအနေဖြင့် ကျောင်းဖွင့်ရာသီရောက်လာသည့်အတွက် ကျောင်းများသန့်ရှင်းသပ်ရပ်ရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးနှင့်၊ ကျောင်းကျန်းမာရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းများကိုလည်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသောဌာနဆိုင်ရာများမှ ဆွေးနွေးချက်များနှင့် ပတ်သက်၍ ပြန်လည်တင်ပြ ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို နေ့လည် (၁၁)နာရီခွဲအချိန်တွင် ရပ်နားခဲ့ကြောင်း သိရသည်။

ရဲလင်းထွန်း(ကသာ)