ခန္တီးမြို့နယ်တွင် ပြည်သူ့စစ်(ဌာနေ)အဖွဲ့များ၏ အခြေခံစစ်ပညာသင်တန်း သင်တန်းဆင်းပွဲပြုလုပ်

ခန္တီး မေလ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ဟိန်စွန်းကျေးရွာတွင် ပြည်သူ့စစ်(ဌာနေ)အဖွဲ့များ၏ အခြေခံစစ်ပညာသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို နံနက်(၉)နာရီအချိန်က ကျေးရွာခန်းမ၌ပြုလုပ်ရာ ခန္တီးတပ်နယ်မှူး ဗိုလ်မှူးကြီးမြင့်မောင်မောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာအကြီးအကဲများ၊ တပ်မတော်အရာရှိစစ်သည်များ၊ ကျေးရွာရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ခန္တီးတပ်နယ်မှူးဗိုလ်မှူးကြီး မြင့်မောင်မောင်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးက သင်တန်းဆင်းအမှာစကား ပြောကြားကာ ရပ်မိရပ်ဖ ဦးတင်စိုးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ရပ်မိရပ်ဖများမှ ကျေးရွာဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များအား တင်ပြကြရာ သက်ဆိုင်ရာဌာနများက အသီးသီးပြန်လည်ရှင်းလင်းဆွေးနွေး ခဲ့ကြသည်။ အဆိုပါသင်တန်းကို ခန္တီးမြို့နယ်ရှိ ကျားကိုက်ကျေးရွာမှ သင်တန်းသား (၂၅)ဦး၊ ဟိန်စွန်းကျေးရွာမှ သင်တန်းသား(၄၅)ဦး စုစုပေါင်း(၇၀)ဦး တက်ရောက်ခဲ့ကြပြီး မေလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ (၂)ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ပြီး လက်တွေ့ လက်နက်ငယ် ပစ်ခတ်ရာတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိခဲ့သူများအား ဆုများအသီးသီး ပေးအပ်ခဲ့ကြသည်။

ဆက်လက်ပြီး တပ်နယ်မှူးနှင့် အဖွဲ့သည် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက်(၅)နှစ်အောက်ကလေးငယ်များ EPI ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးနေမှုအားလည်းကောင်း၊ အမှတ်(၁၄) ကုတင်(၂၅)တပ်မတော်ဆေးရုံမှ နယ်လှည့်ကွင်းဆင်း ဆေးကုသပေးနေမှုများအား လည်းကောင်း ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)