ကျိုင်းတုံမြို့ နှင်းဆီရွှေဆိုင်ကို သေနတ်ပစ်ခတ်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများ ဓားပြတိုက်၊ လုယက်ယူဆောင်သွားသူများအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိ

ကျိုင်းတုံ မေ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ် (၂) ရပ်ကွက်၊ လွိုင်မွေလမ်း၊ နှင်းဆီရွှေဆိုင်ကို မေ ၁၄ ရက် ညနေ ၆ နာရီခွဲခန့်က နှာခေါင်းစည်း (Mask) များ တပ်ဆင်ထားသည့် လူငယ်သုံးဦး (Click) ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်၍ ဆိုင်အတွင်း မှန်ဘီရိုအား ရိုက်ခွဲကာ ရွှေထည်ပစ္စည်းများ ဓားပြတိုက်၊ လုယက်ယူဆောင်သွားသူများကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိကြောင်းသိရသည်။

ဖြစ်စဉ်မှာ ကျိုင်းတုံမြို့နှင်းဆီရွှေဆိုင်သို့ မေ ၁၄ ရက် ညနေ ၄ နာရီခွဲခန့်က လူငယ်သုံးဦး (Click) ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်၍ ဆိုင်အတွင်း ရွှေထည်များထည့်ထားသည့်မှန်ဗီရိုအား ၎င်းတို့ပါလာသော ဆိတ်ချိုတူဖြင့် ရိုက်ခွဲကာ ရွှေထည်ပစ္စည်းမျိုးစုံ၊ ကာလတန်ဖိုးငွေကျပ် သိန်း ၁၂၀၀ ကျော်ခန့်ကို ဓားပြတိုက်လုယက်ထွက်ပြေးမှုဖြစ်ပွားခဲ့ပြီး ထွက်ပြေးသွားသည့် တရားခံများ အမြန်ဆုံး ဖမ်းမိနိုင်ရေး ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး၊ ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့မှူးများ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဆောင်ရွက်ရာ တရားခံများ အသုံးပြုသည့် Click မော်တော်ဆိုင်ကယ်အား အမှတ်(၁)ရပ်ကွက် မဟာဗောဓိကမ္မဋ္ဌာန်းကျောင်းလမ်းဘေးတွင် ရှာဖွေတွေ့ရှိခဲ့ပြီး ညနေ ၆ နာရီအချိန်တွင် ဝမ်တာပင်း ပူးပေါင်းစစ်ဆေးရေးစခန်းသို့  ကျိုင်းတုံမြို့ဘက်မှ မိုင်းလားမြို့ဘက်သို့ မောင်းနှင်လာသည့် Crown အမျိုးအစား မော်တော်ယဉ်ဖြင့်  ရောက်ရှိလာသည့် မသင်္ကာဖွယ်အမျိုးသား  ကျိုင်းတုံမြို့နယ်၊ လွိုင်မွေကျေးရွာအုပ်စုမှ အတဲသို၊ မိုးနဲမြို့နယ်မှ မောင်ပေါက်နှင့် ကုန်းကြမ်းမြို့နယ်မှ မောင်ချူချီး လူငယ်သုံးဦးအား တွေ့ရှိ၍ ဝမ်တာပင်းစခန်းတာဝန်ရှိသူများက စိစစ်ရာ နှင်းဆီရွှေဆိုင်အား လုယက်ထွက်ပြေးသွားသူများဖြစ်ကြောင်း၊ သက်သေခံပစ္စည်း ပစ္စတိုသေနတ်(၂)လက်၊ နှင်းဆီရွှေဆိုင်မှ လုယက်ရွှေထည်ပစ္စည်း နှင့်အတူ ဖမ်းဆီးရမိ၍ ကျိုင်းတုံမြို့မရဲစခန်းမှ  အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)