ကျိုက်လတ် မေ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် (၂၀၂၄-၂၀၂၅) ခုနှစ်၊ စိုက်ပျိုးရာသီတွင် ရေတော်မိုးတော် စိုက်ဧကများ (သစ်စိမ်း မြေဩဇာ) ပိုက်ဆံလျှော်ထည့်သွင်းနိုင်ရေး မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့လယ်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် ပိုက်ဆံလျှော်မျိုးစေ့များ လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးနှင့် မိမိတို့ရပ်ကွက်၊ ကျေးရွာအုပ်စုရှိ တောင်သူများ အချိန်မီစိုက်ပျိုးနိုင်ရေး မျိုးစေ့များ ပေးအပ်ရခြင်းဖြစ်ပြီး သီးနှံများ အောင်မြင်ဖြစ်ထွန်းရေးကို မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဝင်များက အနီးကပ်ကြီးကြပ် ဆောင်ရွက်သွားကြရန် ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဖုန်းနှင့် စိုက်/တိုး/မြှင့် အဖွဲ့ဝင်များက ပိုက်ဆံလျှော် မျိုးစေ့စိုက်ပျိုးမည့် ကျေးရွာအုပ်စုများရှိ တောင်သူများ အတွက် ပိုက်ဆံလျှော်မျိုးစေ့များကို သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ပေးအပ်ခဲ့ကြောင်း သိရသည်။ ဆက်လက်၍ (၂၀၂၄-၂၀၂၅) ခုနှစ်၊ စိုက်ပျိုးရာသီတွင် သုံးသီးစိုက်ပျိုးရန် တာဝန်ပေးအပ်ပွဲ အခမ်းအနားအား ကျင်းပခဲ့ရာ တာဝန်ရှိသူများက သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ တာဝန်များအသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျိုက်လတ်(ပြန်/ဆက်)