မြို့သစ်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲကျင်းပ

မြို့သစ် မေ ၁၆

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်  ၁ နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားတွင် မကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းထက်တို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေမြင့်မှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သင်တန်းနည်းပြဆရာမ ဒေါ်သန္တာလွင်က သင်တန်းတွင်ပို့ချပေးသွားမည့် ဘာသာရပ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက သင်တန်းသူများအား သင်ထောက်ကူပစ္စည်းများအား ပေးအပ်ခဲ့သည်။

အဆိုပါ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းကို မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူကာ မေလ ၁၅ ရက်နေ့မှစ၍ (၁) လကြာ ဖွင့်လှစ်သင်ကြားခြင်းဖြစ်ပြီး အဆိုပါသင်တန်းကို မြို့သစ်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ အမျိုးသမီးငယ် (၂၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း ( ပြန်ဆက်)