ကျိုက်လတ်မြို့၌ သာသနဓဇဓမ္မာစရိယ၊ ဝိနယဝိဒူ၊ ဒီဃနိကာယဝိဒူ ဘွဲ့တံဆိပ်တော် (၃) ဘွဲ့ရ ဦးစန္ဒောဘာသ ၏ ဂုဏဝိသိဋ္ဌပူဇာ ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကျင်းပ

ကျိုက်လတ် မေ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် သာသနဓဇဓမ္မာစရိယ၊ ဝိနယဝိဒူ၊ ဒီဃနိကာယဝိဒူ ဘွဲ့တံဆိပ်တော် (၃) ဘွဲ့ရ ဦးစန္ဒောဘာသ ၏ ဂုဏဝိသိဋ္ဌပူဇာ ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ် (၃) ရပ်ကွက်၊ ၈ဖြတ်လမ်းရှိ ညောင်ငူပရိယတ္တိ စာသင်တိုက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ရန်ကုန်ဒက္ခိဏာရုံ ကျောင်းဆရာတော် ဦးဩဘာသထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ရှေးဦးစွာ သာသနဓဇ ဓမ္မာစရိယ၊ ဝိနယဝိဒူ၊ ဒီဃနိကာယဝိဒူ ဘွဲ့တံဆိပ်တော် (၃) ဘွဲ့ရ ဦးစန္ဒောဘာသ၏ အတ္ထုပ္ပတ္တိအား ဖိုးစံတာပ ဆရာတော်မှဖတ်ကြားခဲ့ပြီး ဘွဲ့တံဆိပ်တော်များနှင့်တကွ အဆောင်အယောင်တံဆိပ်တုံးများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင် နှင့် ဇနီး ဒေါ်ဥမ္မာတို့က ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် ဘွဲ့တံဆိပ်တော် (၃) ဘွဲ့ရ ဦးစန္ဒောဘာသ ၏ ဂုဏဝိသိဋ္ဌပူဇာအခမ်းအနား၌ ဦးကောသလ္လ ညောင်ငူစာသင်တိုက်မှ ရေးစပ်သီကုံးအပ်သော အောင်ဂုဏ် ၃-ခု အောင်ပန်းဆင်ပြီးဟူသော ရှစ်ဆယ်ပေါ် တေးထပ်အား ရွတ်ဆိုပူဇော်ခဲ့ကြသည်။

ဆက်လက်၍ သာသနဓဇဓမ္မာစရိယ၊ ဝိနယဝိဒူ၊ ဒီဃနိကာယဝိဒူ ဘွဲ့တံဆိပ်တော် (၃) ဘွဲ့ရ ဦးစန္ဒောဘာသအား ကြွရောက်တော်မူလာကြကုန်သော ဆရာတော်သံဃာတော်များနှင့် တပည့်ဒါယကာ ဒါယိကာမ အပေါင်းတို့က လှူဖွယ်ဝတ္ထုပစ္စည်းများအား ကိုယ်တိုင်ကိုယ်ကျ ဆက်ကပ်လှူဒါန်းခဲ့ပြီး ရန်ကုန်ဒက္ခိဏာရုံ ကျောင်းဆရာတော် ဦးဩဘာသထံမှလှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူကြပြီး ရေစက်သွန်းချအမျှပေးဝေကာ တက်ရောက်လာကြသူများက ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ပြီးမြောက်ခဲ့ကြောင်း သိရသည်။

ကျိုက်လတ် (ပြန်/ဆက်)