မြိတ် မေ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်း အမှတ် (၃၇)ကြိမ်မြောက် ခရိုင်အဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲများကို အ.ထ.က(၃)မြိတ်ပညာရတနာခန်းမတွင် ယနေ့နံနက်(၉)နာရီက ကျင်းပခဲ့သည်။
ပြိုင်ပွဲများကို မူးယစ်ရန်စွယ် အသွယ်သွယ် အန္တရာယ်ဟူသမျှ ရှောင်ရှားကြ၊ မူးယစ်ဆေးဝါးကာကွယ်ရေး အသိပညာမြှင့်တင်ပေး၊ မူးယစ်အဆိပ်ငွေ့ကင်းစင်မှ တိုးပွားရှင်သန် မျိုးဗီဇ၊ ဉာဏ်ရည်လည်းရှုံး လူညွန့်တုံး စည်းလုံးတိုက်ပစ် ထိုမူးယစ်၊ လူ့ဘောင်သာယာလှပဖို့ နွေးထွေး ပွေ့ဖက်ဖေးမလို့ မူးယစ်စွဲသူကူညီစို့၊ ခွဲခြားနှိမ့်ချ ကင်းစင်ဝေးကာကွယ်ရေးကို အလေးပေး လူသားအားလုံးကျန်းမာရေး စသည့် ခေါင်းစဉ်များဖြင့် ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲများတွင် မြိတ်ခရိုင်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသား/သူ (၄၃) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပန်းချီပြိုင်ပွဲတွင်(၁၀)ဦး၊ ကာတွန်းပြိုင်ပွဲတွင်(၁၂)ဦး၊ ပိုစတာပြိုင်ပွဲတွင်(၁၁)ဦးနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲတွင်(၁၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ကျောင်းသား/သူများ ယှဉ်ပြိင်နေမှုအား မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်မိုးသက်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပးခဲ့ကြကြောင်း သိရ သည်။
ခိုင်ထူး (ပြန်/ဆက်)