သံတောင်ကြီး မေ ၁၆
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book Club/Youth Club အဖွဲ့ဝင်များက စာရေးဆရာခင်စောတင့်၏ ဘဝအသစ်ရဲ့အစများစာအုပ်အား ယနေ့နံနက် ၁၀ နာရီအချိန်က Community Centre ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ နော်လော်မူကစာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး နော်ခိုင်ခင်ထက် (Book Club) အဖွဲ့ဝင်မှ စာအုပ်ပါ အကြောင်းအရာဖြစ်သည့် မုသားစကားမဆိုချင်ပါ၊ လက်ခံလိုက်ပါပြီ၊ ခလုတ်တိုက်မိတဲ့အခါ၊ ဘယ်သူမှန်ပါသလဲ၊ အမြင်ချင်းတော့မတူပါလေစသည့် အကြောင်းအရာများအား စာဖတ်ဝိုင်းဆွေးနွေးဆောင်ရွက်ခဲ့သည်။
ဆက်လက်ပြီးစောဟဲဒိုစိုး (Youth Club) အဖွဲ့ဝင်က ကြွက်ကလေးပေးတဲ့သင်ခန်းစာ၊ခဏလောက်ရပ်နားကြရအောင်၊ ပုတ်သင်ညိုလိုအရောင်ပြောင်းနိုင်၊ အမြင်တွေပြောင်းလဲကြစို့စသည်တို့ကို ဖတ်ကြားဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့်Book Club/Youth Club အဖွဲ့ဝင်များက စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်းသိရသည်။
စာရေးဆရာခင်စောတင့်၏ ဘဝအသစ်ရဲ့အစများ စာအုပ်ဖတ်ရှုခြင်းဖြင့် မိဘများကကလေးများအား နည်းလမ်းတကျ သွန်သင်ဆုံးမတတ်စေရန်၊ လိမ်ညာပြောတတတ်သူများ မဖြစ်စေရန်၊ ခွင့်လွတ်တတ်သော စိတ်များရှိစေရန်စသည့် သင်ခန်းစာများရရှိစေကြောင်း သိရသည်။
နော်နော်မူ