မကွေး မေ ၁၆
ပညာရေးဝန်ကြီးဌာနနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ကျေးလက်ဒေသနှင့် တိုင်းရင်းသားပြည်သူများ ၂၀၂၄ ခုနှစ်၊ အခြေခံပညာစာတတ်မြောက်ရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မကွေးမြို့၊ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။
ရှေးဦးစွာ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအကောင် အထည်ဖော်ဆောင်ရွက်ရေး မကွေးတိုင်းဒေသကြီးဦးစီးကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် စာတတ်မြောက်ရေးလုပ်ငန်းကို တက္ကသိုလ်၊ ကောလိပ်မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အခြေခံပညာဆရာ၊ ဆရာမများအပါအဝင် ပညာရေးဝန်ထမ်းများ၊ အခြားနိုင်ငံ့ဝန်ထမ်းများနှင့် ရပ်ရွာများရှိ စေတနာဝန်ထမ်းပရဟိတလုပ်အားရှင်များဖြင့် အသက် (၁၅) နှစ်နှင့်အထက် စာမတတ်သူများအား တစ်ရက်လျင်ပျှမ်းမျှ (၃) နာရီနှုန်းဖြင့် ရက် (၄၀) ကြာ သင်ကြားပို့ချခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုစာတတ်မြောက်ရေးလုပ်ငန်းကို မကွေး၊ သရက်၊ အောင်လံစသည့် မြို့နယ်များတွင် စာသင်သားပေါင်း (၁၇၀၄) ဦးကို စာသင်ဝိုင်း (၁၀၉) ဝိုင်း၊ နည်းပြ (၁၂၂) ဦး၊ ကြီးကြပ် (၁၈) ဦးဖြင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို ဧပြီလ ၆ ရက်နေ့မှ မေလ ၁၅ ရက်နေ့အထိ ဆောင်ရွက် နိုင်ခဲ့ပြီး ဒီကနေ့မှာတော့ သင်ကြားပြီးမြောက်ခဲ့ပြီဖြစ်၍ ဂုဏ်ပြုပွဲကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့်လည်း စာတတ်မြောက်လာပြီးဖြစ်၍ မိမိဘဝအတွက် အရေးကြီးသည့် ဘာသာရေးဆိုင်ရာတရားစာပေများ၊ လူမှုရေကိစ္စရပ်များ၊ မိမိလုပ်ငန်းအောင်မြင်ရာ အောင်မြင်ကြောင်း အချက်အလက်များကို ရှာဖွေလေ့လာဖတ်ရှုနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ပညာရေးဝန်ကြီးဌာနနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်တဲ့ ၂၀၂၄-ခုနှစ်၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်းကို အဘက်ဘက်မှ ဝိုင်းဝန်းကူညီကြသည့် တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ကျောင်းပြင်ပ ပညာရေး၏ကဏ္ဍများဖြစ်သည့် စာတတ်မြောက်ရေးနှင့် စဉ်ဆက်ပညာရေး “မနီတို့၏ရွာနှင့်မြစ်” ဇာတ်လမ်းတိုဗီဒီယိုအား ပြသခဲ့ပြီး မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးပညာရေးမှူးရုံးအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်းနှင့် တိုင်းဒေသကြီးပညာရေးမှူး ဦးသက်လေးဦးတို့က လက်ခံရယူခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်က အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် သင်ကြားပေးခဲ့သည့် စေတနာလုပ်အားပေးနည်းပြ၊ ကြီးကြပ်များအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် သင်ကြားပေးခဲ့သည့် စေတနာလုပ်အားပေးနည်းပြ၊ ကြီးကြပ်များအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် သင်ယူပြီးမြောက်ခဲ့သည့် စာသင်သားများကိုယ်စား စာသင်သားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ အခမ်းအနားအပြီးတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက တိုင်းဒေသကြီးပညာရေးမှူးရုံးက ခင်းကျင်းပြသထားသည့် ၂၀၂၄ ခုနှစ်၊ အခြေခံပညာ စာတက်မြောက်ရေးလုပ်ငန်း မှတ်တမ်းဓာတ်ပုံများအား လှည်လည်ကြည့်ရှုခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
အောင်ကို(ဖန်ခါးမြေ)