ရွှေတောင် နိုဝင်ဘာ ၈
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကျင်းပသည့် ယနေ့ နိုဝင်ဘာ ၈ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ် ရပ်ကွက်/ ကျေးရွာအုပ်စု (၅၁)အုပ်စုရှိ မဲရုံပေါင်း (၁၁၇)ရုံကို နံနက် ၆ နာရီတိတိအချိန်က တစ်ပြိုင်နက်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများ မဲလာပေးလျက်ရှိကြောင်း သိရသည်။
မဲရုံများ ဖွင့်လှစ်ရာတွင် ရှေးဦးစွာ သက်ဆိုင်ရာမဲရုံအလိုက် တာဝန်ရှိသူများက နံနက် ၆နာရီတိတိ အချိန်တွင် မဲရုံစတင်ဖွင့်လှစ်ကြောင်း ကြေညာခြင်း၊ မဲမပေးမီ မဲပုံးအလွတ်များဖြစ်ကြောင်း အများ ပြည်သူ မြင်သာအောင် ပြသပေးခြင်းနှင့် မဲပုံးအလွတ်များကို လုံခြုံရေးကြိုးများ စနစ်တကျ တပ်ဆင် ခြင်း၊ မဲဆန္ဒရှင်ပြည်သူများကို မဲလာပေးရန် အသိပေးနှိုးဆော်ကြေညာပေးခြင်း စသည်တို့ကို ဆောင်ရွက် ခဲ့ကြသည်။
ထို့အပြင် မဲရုံတာဝန်ကျဝန်ထမ်းများက ဆန္ဒမဲပေးရန် လာရောက်သည့် မဲဆန္ဒရှင်ပြည်သူ များကို အပူချိန် တိုင်းတာပေးခြင်း၊ လက်သန့်စင်ဆေးရည်များ အသုံးပြုရန် စီစဉ်ထားရှိ ပေးခြင်း၊ KN-95 Mask များ ဖြန့်ဝေတပ်ဆင်ပေးခြင်းနှင့် တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာ၌ စီစဉ်ထားရှိပေးခြင်း စသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ မိမိတို့ကြိုက်နှစ်သက်ရာကို လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရေး စနစ်တကျဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပြည်မြို့နယ်ရှိ မဲရုံ(၁၁၇)ရုံတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း(၁၀၄၈၉၈)ဦး စာရင်းရှိပြီး အသက် ၆၀နှင့်အထက် သက်ကြီးအဘိုးအဘွားများ၊ နာမကျန်းဖြစ်နေသူများနှင့် မဲရုံသို့ လာရောက်ရန် အခက် အခဲရှိနေသူများအပါအဝင် ကြိုတင်ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ညနေ(၄)နာရီတိတိအချိန်တွင် မဲရုံများ ပိတ်သိမ်းမည်ဖြစ်ကြောင်းနှင့် အများပြည်သူ မြင်သာအောင် မဲရေတွက်ခြင်းနှင့် မဲရုံလုပ်ငန်း အဆင့်ဆင့်တို့ကို သက်ဆိုင်ရာ မဲရုံအလိုက် တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)