ဘိုကလေးမြို့နယ်မှ တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေးသမားများ မိုးကြိုကာလတွင် ဟင်းနုနွယ်စိုက်ပျိုး

ဘိုကလေး မေ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှ ကျေးလက်နေပြည်သူအများစုသည် စိုက်ပျိုးရေးကဏ္ဍအား အဓိကစီးပွားရေးလုပ်ငန်းတစ်ခုအဖြစ်လုပ်ကိုင်ဆောင်ရွက်ကြရာ တစ်နိုင်တစ်ပိုင် ရာသီပေါ်စိုက်ပျိုးကြသူများအနေဖြင့် ယခုမိုးကြိုကာလတွင် ဟင်းနုနွယ်စတင်စိုက်ပျိုးကြသည်။

ဟင်းနုနွယ်သည် ဆားပေါက်သောမြေမှလွဲ၍ ရေစီးရေလာကောင်းပြီး မြေဩဇာဓာတ်အသင့်အတင့်ရှိသော မြေများတွင် စိုက်ပျိုးနိုင်သောကြောင့်ဘိုကလေးမြို့နယ်၏ ရေမြေနှင့်ကိုက်ညီသော စိုက်ပျိုးသီးနှံတစ်ခုဖြစ်သည်။

ဟင်းနုနွယ်စိုက်ပျိုးပုံနှင့်ပတ်သတ်၍ ဘိုကလေးမြို့နယ်၊ သပြုကုန်းကျေးရွာအုပ်စုမှ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးသမားတစ်ဦးက “ဟင်းနုနွယ်ပင်က မျိုးစေ့ကနေ တိုက်ရိုက်စိုက် ပျိုးရပါတယ်၊ ယခုကာလ မေ၊ ဇွန်လတွေမှ စတင်စိုက်ပျိုးနိုင်ပြီး စိုက်ဘောင်များကို စိုက်တန်းတစ်တန်းနှင့် တစ်တန်း (၉)လက်မခြားပြီး တန်းများကို ဆွဲပေးရပါတယ်၊ မျိုးစေ့ကနေ အပင်ပေါက်လာရင် တစ်ပင်နှင့်တစ်ပင် (၆)လက်မခြားရန် လက်ဖြင့်ကြားခွဲပေးဖို့လိုပါတယ်” ဟုပြောကြားသည်။

ဟင်းနုနွယ်ကိုစိုက်ပြီး အချိန်ကာလ (၃)ပတ်၊ (၄)ပတ်ကြာမြင့်သည့်အခါ မြေကြီးထဲမှ ထွက်လာသည့် အပင်များကို အပင်ခြေရင်းမှ ဖြတ်တောက်ရိတ်သိမ်းနိုင်ပြီးတစ်ဧကလျှင် ဟင်းနုနယ် (၇၀-၈၀)ကီလိုဂရမ်ထိ ထွက်ရှိနိုင်ကြောင်းလည်းသိရသည်။

ရိတ်သိမ်းပြီး အပင်များကို (၄)ပင်(၅)ပင်ခန့်စီး၍ ဈေးကွက်အတွင်း တင်ပို့ရောင်းချပါက တစ်စီးလျှင် ငွေကျပ်(၂၅၀)ကျပ်ခန့် ရရှိသဖြင့် စိုက်ပျိုးပြီးအချိန် (၃)ပတ်၊ (၄)ပတ်ဖြင့် ငွေပေါ်သော ဟင်းနုနွယ်ကို ဘိုကလေးမြို့နယ်မှ တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေးသမားများ ယခုမိုးကြိုကာလတွင် စိုက်ပျိုးလေ့ရှိကြောင်းသိရသည်။

မိုးစက်(ဘိုကလေး)