သဲကုန်း မေ ၁၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ အသိပညာပေးဆွေးနွေးပွဲကို သက်ဆိုင်ရာဌာနများပူးပေါင်း၍ ယမန်နေ့က ဆင်မြီးဆွဲမြို့၊ ကြို့ကုန်းအုပ်စု၊ ပေပင်သာကျေးရွာဓမ္မာရုံတွင် အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ တောင်သူအသိပညာပေးဆွေးနွေးပွဲတွင် သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဆင်မြီးဆွဲမြို့အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးကျော်က တောင်သူများနှင့်တွေ့ဆုံ၍ တောင်သူအသိပညာပေးဆွေးနွေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သဲကုန်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစိုက်ပျိုးရာတွင် စိုက်နည်းစနစ်မှန်ကန်စေရေး၊ အထွက်နှုန်းကောင်းမွန်သော စပါးမျိုးများအားသုံးစွဲရန်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးသီးနှံများစတင်စိုက်ပျိုးရန် မြေပြင်ခြင်းလုပ်ငန်းများမှစ၍ သီးနှံများအောင်မြင်သည်အထိ ရေများပေးဝေနိုင်ရေး ရေပေးဝေရေးမြောင်းများအား၊ မီးသတ်ဦးစီးဌာနမှူးရုံးမှ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ မီးဘေးအန္တရာယ်အထူးဂရုပြုကျရန်၊ မီးဘေးပေါ့ဆမှုမရှိစေရန်၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အပူလွန်ကဲခြင်းကြောင့် နောက်ဆက်တွဲခံစားရမည့် ကျန်းမာရေးဆိုင်ရာပြဿနာများ၊ ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်တက်ရောက်လာကြသည့် ဒေသခံတောင်သူများက သိရှိလိုသည့်အကြောင်းအရာများကို သက်ဆိုင်ရာအကြီးအကဲများဖြင့် အပြန်အလှန်မေးမြန်းခဲ့ကြပြီး တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။
ကိုကျော် (ပြန်/ဆက်)