ပေါက်ခေါင်း မေ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်အတွင်း နွေရာသီသောက်သုံးရေအခက်အခဲရှိသည့် ဘုန်းတော်ကြီးကျောင်းနှင့်ကျေးရွာများသို့ ရပ်နီးရပ်ဝေးမှအလှူရှင်များ၏လှူဒါန်းမှုဖြင့် လိုအပ်သောသောက်သုံးရေများကို မြို့နယ်ပရဟိတအဖွဲ့အစည်းများက ရေသယ်ယာဉ်ဖြင့် ကျေးရွာအရောက်သွားရောက်၍ ကူညီလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့လှူဒါန်းပေးရာတွင် ပေါက်ခေါင်းမြို့ကရုဏာရောင်ခြည်လူမှုကူညီကယ်ဆယ်ရေးအသင်းနှင့် ပြည်မြို့ကရုဏာသိဒ္ဓိလူမှုကူညီကယ်ဆယ်ရေးပရဟိတအဖွဲ့များက အလှူရှင်များ၏လှူဒါန်းမှုများဖြင့် ယမန်နေ့က နွေရာသီသောက်သုံးရေအခက်အခဲရှိသော ပျားဆိုးကျေးရွာဘုန်းတော်ကြီးကျောင်းအတွက် သောက်သုံးရေဂါလံ(၂၀၀၀)၊ ပျားဆိုးကျေးရွာအတွက် ရေဂါလံ(၁၀၀၀)၊ ဇီးကုန်းကျေးရွာအတွက် ရေဂါလံ(၁၀၀၀)နှင့် ညောင်ဝန်းကျေးရွာအတွက် ရေဂါလံ(၂၀၀၀) စုစုပေါင်းသောက်သုံးရေဂါလံ(၆၀၀၀)ကို ရပ်နီးရပ်ဝေးမှကုသိုလ်ရှင်များ၏ လှူဒါန်းမှုများဖြင့် ပရဟိတအဖွဲ့ဝင်များက ပေါက်ခေါင်းမြို့နယ်လုံးဆိုင်ရာ ရေဘေး၊ မီးဘေးကူညီကယ်ဆယ်ရေးရေသယ်ယာဉ်၊ ပြည်မြို့ကရုဏာသိဒ္ဓိပရဟိတအသင်း ရေသယ်ယာဉ်များဖြင့် ကျေးရွာအရောက်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)