ရွှေတောင် မေ ၁၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက စာရေးဆရာ သက်တန့်ချိုစီစဉ်သည့် "ကြယ်စင်ဆယ့်တစ်"စာအုပ်ဖြင့် မုဒိတာစာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)ဥက္ကဋ္ဌဒေါ်ခင်ယုနိုင် စာရေးဆရာမအေပရယ်ယုနိုင်(ရွှေတောင်)က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တက်ရောက်လာသည့် စာပေချစ်သူများအား စာပေကိုမြတ်နိုးတန်ဖိုးထားတတ်ပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများ မွေးမြူကြရန်နှင့် မျိုးဆက်သစ်စာရေးဆရာများ ပေါ်ပေါက်လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို လစဉ်ပုံမှန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့်က ရွှေတောင်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် စာဖတ်ရှိန်မြင့်မားလာစေရန်၊ စာပေမှဗဟုသုတများရရှိစေရန်၊ တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း၊ စာပေဖတ်ရှုသည့်အလေ့အကျင့်များရရှိစေခြင်း၊ စာပေဖတ်ရှုခြင်းကြောင့် အသိအမြင်ဗဟုသုတတိုးပွားစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်သည့်အတွက် စာပေများဖတ်ရှုလေ့လာရန် လိုအပ်ကြောင်းစာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာဖတ်ဝိုင်းသို့ တက်ရောက်လာသောဆရာကြီးဦးချစ်မြင့်ရွှေနေဝဏ်၊ ဆရာကြီးဦးဇော်မင်း၊ ဆရာမပယင်းဥတို့က "ကြယ်စင်ဆယ့်တစ်" ရသစာစုများစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးကျင်းပခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)