ကော့ကရိတ် မေ ၁၅
ကရင်ပြည်နယ် ကော့ကရိတ်မြို့ ဒေါနခန်းမတွင် ယနေ့နံနက် ၈ နာရီက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ရာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အစည်းအဝေးတွင် ကော့ကရိတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက မြို့နယ်အတွင်း သဘာဝဘေးဖြစ်ပွားလာပါက အချိန်မီစီမံဆောင်ရွက်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီးဖြစ်ကြောင်း လတ်တလော မြို့နယ်ပြန်လည်တည်ထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာတွင် သက်ဆိုင်ရာဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရေးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ မိမိရပ်ကွက်အိမ်ထောင်စုစာရင်း၊ မီးလောင်အိမ်စာရင်း၊ ပြန်လည်နေထိုင်မှုလူဦးရေအမှန်စာရင်းရရှိရေး ကွင်းဆင်းစစ်ဆေးရေးစသည်ဖြင့် ဆွေးနွေးပြောကြားသည်။
ထိုနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးမှ လုံခြုံရေးအသိ/သတိရှိရေး ပြည်သူများအား အသိပေးနိုးဆော်မှုနှင့်ပူးပေါင်းဆောင်ရွက်မှု၊ မြို့နယ်ပညာရေးဌာနမှ အခြေခံပညာရေးကျောင်းများ ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ထားရှိမှု၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်းမျိုးသန့်ရရှိရေးဆောင်ရွက်ထားရှိမှု၊ တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်စာရင်းများကောက်ယူဆောင်ရွက်မည့်အခြေအနေ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာနမှ ထောက်ပံ့ပစ္စည်းများ ထုတ်ပေးဆောင်ရွက်လျက်ရှိသည့်အခြေအနေတို့ကို ဆွေးနွေးပြောကြားရာ တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)