မုံရွာ မေ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး လူမှု၀န်ထမ်းရုံးမှကြီးမှူးပြီး ရှေးဦးအရွယ် ကလေးသူငယ်များကို မှန်ကန်သော အသိစိတ်ဓာတ် အခြေခံသည့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ လူမှုဆက်ဆံရေး စသည်များ ဘက်စုံ ဖွံ့ဖြိုးစေရေးအတွက် ကလေးသူငယ် ဖွံ့ဖြိုးရေးစံနှုန်းများနှင့်အညီ ပြုစုပျိုးထောင် ရန်၊နိုင်ငံတစ်ဝန်း နေ့ကလေးထိန်းဌာနများ၊ မူကြိုကျောင်းများ ရပ်ရွာအခြေပြု၊ အိမ်အခြပြု လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် တည်ထောင်ဖွင့်လှစ်နိုင်ရန်နှင့် ကလေး သူငယ်များအား စနစ်တကျပြုစု ပျိုးထောင်ရေး ဖွံ့ဖြိုးရေးအတွက် နည်းပညာနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အကူအညီများ ပေးရန် ပြည်တွင်း/ပြည်ပ ပုဂ္ဂလိကနှင့်အစိုးရ မဟုတ်သော အဖွဲ့အစည်းများအား နေ့ကလေး ထိန်းဌာနများနှင့် မူကြိုကျောင်းများကို စနစ်တကျတည်ထောင် ခွင့်ပြုခြင်းအားဖြင့် လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပြုနိုင်ရန် ကာကွယ်စောင့်ရှောက်ရန် လိုအပ်သော ရှေးဦးအရွယ် ကလေးသူငယ်များအား အခြေခံကျန်းမာရေးစောင့်ရှောက်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့် ရရှိစေရေးအတွက် ဖြည့်ဆည်းပေးနိုင်ရန် တို့အတွက်ရည်ရွယ်၍ ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာဥပဒေ အသိပညာပေးဟောပြောပွဲကို မေလ ၁၄ ရက် နံနက် ၁၀ နာရီက အဆိုပါရုံး သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဦးစွာ ဟောပြောပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးလူမှု၀န်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က အဖွင့်အမှာစကားပြောကြားပြီး နောက်တက်ရောက်လာကြသောပုဂ္ဂလိက မူကြိုကျောင်းများနှင့် ကိုယ်အားကိုယ် ကိုးမူကြိုကျောင်းများမှ တာ၀န်ခံဆရာ၊ ဆရာမ (၆၀) ဦး တို့အား ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးမြင့်ရီက မူကြိုကျောင်းတာဝန်ခံများအား မူကြိုကျောင်းများ ဖွင့်လှစ်ရာတွင် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားရန်နှင့် သက်တမ်းတိုး လျှောက်ထားကြရန်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြမြထွေးကမူကြိုကျောင်းများအား စိစစ် စစ်ဆေးရာတွင် လိုအပ်သည်များအား လုပ်ဆောင်ပေးရန်တို့ကို အသီးသီးမှာကြားခဲ့သည်။
ထို့နောက် ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေတွင်ပါဝင်သည့် အချက်များအား ရှင်းလင်းဆွေးနွေးပို့ချပေးရာ တက်ရောက်လာသော မူကြိုကျောင်းတာဝန်ခံများမှ သိရှိလိုသည်များအားမေးမြန်း ဆွေးနွေးမှုများကို ပြန်လည်ဖြေကြားပေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက် ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)