ငရုတ်ကောင်း နိုဝင်ဘာ ၈
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ရပ်ကွက်(၂)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၁)ခုရှိပြီး မဲရုံပေါင်း(၃၇)ရုံတွင် ယနေ့နံနက်ပိုင်းက စတင်၍ ဆန္ဒမဲပေးလျက်ရှိသည်။
အဆိုပါမဲရုံများတွင် မဲရုံမှူးများက နံနက ၆ နာရီတွင် မဲရုံဖွင့်လှစ်ကြောင်းကြေညာခြင်း၊ မဲဆန္ဒပုံးများအား သက်ဆိုင်ရပ်ကျေး ကော်မရှင်များနှင့် ပါတီကိုယ်စားလှယ်များရှေ့မှောက်တွင် စစ်ဆေးခြင်း၊ လုံခြုံရေးကြိုးများ ချည်နှောင်ခြင်းများ ဆောင်ရွက်ကြပြီး မဲဆန္ဒရှင်ပြည်သူများက မဲရုံဖွင့်လှစ်သည့်အချိန်မှစတင်ကာ ဆန္ဒမဲများလာရောက်ပေးလျက်ရှိကြသည်။
အဆိုပါမဲပေးခြင်းကို ညနေ(၄)နာရီအချိန်တွင် ပိတ်သိမ်းမည်ဖြစ်သဖြင့် မဲရုံမပိတ်သိမ်းမီ မဲပေးပိုင်ခွင့်ရှိသူအားလုံး လာရောက်မဲ ပေးရန် လိုအပ်မည်ဖြစ်သည်။
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလသည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလဖြစ်သည့်အတွက် ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေရေး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထား ရှိကြောင်း သက်ဆိုင်ရာမဲရုံကော်မရှင်များထံမှ သိရသည်။
ပြုံးမောင်မောင်(ပြန်/ဆက်)