ကယားပြည်နယ်ပြည်သူ့ဆေးရုံကြီး ကုတင်(၅၀၀)ဆံ့ပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

လွိုင်ကော် မေ ၁

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီး၊ ကုတင်(၅၀၀)ဆံ့ ပြန်လည်ဖွင့်လှစ်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၁၃ ရက်နေ့ နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဆေးရုံကြီးအထောက်အကူပြုအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က အကြမ်းဖက်သောင်းကျန်းသူများ၏ အဖျက်အမှောင့်လုပ်ဆောင်ခြင်းများကြောင့် ပြည်နယ်ပြည်သူ့ဆေးရုံကြီးအား ယာယီပိတ်ထားခဲ့ရပါကြောင်း၊ သို့သော်လည်း ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မိဘပြည်သူများစိတ်အေးချမ်းစွာ ကျန်းမာရေးကုသစောင့်ရှောက်မှုခံယူနိုင်ရေးအတွက် ပြည်နယ်ပြည်သူ့ဆေးရုံကြီးကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆေးရုံကြီးဥပဓိရုပ်သွင်ပြင်ကောင်းမွန်ရေး၊ အကြမ်းဖက်သောင်းကျန်းသူများ၏လုပ်ရပ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့မှုများအား  မူလအခြေအနေသို့ရောက်ရှိရေးနှင့် လိုအပ်လျက်ရှိသော ဆေးဝါး၊ ဆေးပစ္စည်းများနှင့်ဆရာဝန်/သူနာပြု၊ ကျွမ်းကျင်ဝန်ထမ်းများ ပြည့်စုံမှုရှိစေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာများက ပြည်သူလူထု၏ အားကိုးယုံကြည်ရသော ဆေးရုံကြီးဖြစ်အောင် ကြိုးစားဆောင်ရွက်လိုကြောင်းနှင့် ဆေးရုံကြီးပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် မှာကြားလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ကယားပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးအောင်မျိုးသိန်းက ပြည်သူ့ဆေးရုံကြီးပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆေးရုံအုပ်ကြီးဒေါက်တာစည်သူမှ ဆေးရုံပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အဆင့်(၄)ဆင့်လျာထားဆောင်ရွက်ထားရှိမှု၊  အုပ်ချုပ်မှုနှင့်ဝန်ထမ်းရေးရာကိစ္စရပ်များကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဆေးရုံကြီးအထောက်အကူပြုအဖွဲ့ဝင်များက အကြံပြုဆွေးနွေးတင်ပြကြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အကြမ်းဖက်သောင်းကျန်းသူများ၏လုပ်ရပ်ကြောင့် ပျက်စီးဆုံးရှုံးသွားသည့် ပြည်သူ့ဆေးရုံကြီးနေရာများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ပြန်လည်ဖွင့်လှစ်မည့် အထွေထွေရောဂါကုပြင်ပလူနာဌာန ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ နား၊ နှာခေါင်း၊ လည်ချောင်းကုသဆောင်၊ ကလေးရောဂါကုသဆောင်၊ ဆေးသိုလှောင်ရေးဌာန၊ ခွဲစိတ်ကုသဆောင်၊ ဓါတ်မှန်ခန်းနှင့် ဖျားနာဆောင်များပြန်လည်ပြင်ဆင် ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)