လိပ်သို မေ ၁၅
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများအတွင်း စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဝါသနာပါသူအချင်းချင်း ရင်းနှီးစေရန်အတွက် ယနေ့နံနက် ၁၀ နာရီက Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာ မောင်ကျေးဇူးရေးသားသော “လူငယ်တွေ လမ်းမမှားနှင့် မူးယစ်ဆေးဝါးအန္တရာယ် ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို မျှဝေဖလှယ်နိုင်ခြင်း၊ စာပေဖတ်ရှုခြင်းဖြင့် အသိအမြင်ဗဟုသုတတိုးပွားစေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်သည့်အတွက် စာပေများဖတ်ရှုလေ့လာရန် လိုအပ်ကြောင်းနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာရေးဆရာ မောင်ကျေးဇူးရေးသားသော “လူငယ်တွေလမ်းမမှားနှင့် မူးယစ်ဆေးဝါးအန္တရာယ်”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ရာ Book Club အဖွဲ့ဝင် စောအောင်ကိုဦးက “စဉ်လာဆုံးမ ဩဝါဒရှောင်ကြမူးယစ်ဆေး” ခေါင်းစဉ်မှ “ဗုဒ္ဓရှင်တော် မြတ်ဘုရားက ငါးပါးသီလ၊ ရှစ်ပါးသီလတို့တွင် မူးယစ်မေ့လျော့စေတတ်သော အရက်သေစာတို့ကို သောက်စားခြင်းမှ ရှောင်ကြဉ်ပါ၏ဟု ဆုံးမထားကြောင်း၊ မူးယစ်မေ့လျော့စေတတ်သော အရက်သေစာတို့ကို သောက်စားမှီဝဲပါက ကုသိုလ်ကောင်းမှုပြုလုပ်ရန်၊ တရားအားထုတ်ရန် မေ့လျော့နေတတ်ပြီး အမှားအမှန် အဆိုး အကောင်း မခွဲခြားနိုင်သဖြင့် မကောင်းမှုအကုသိုလ်များကို ကျူးလွန်တတ်ကြကြောင်း” စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။
စာရေးဆရာ မောင်ကျေးဇူး၏ “လူငယ်တွေလမ်းမမှားနှင့် မူးယစ်ဆေးဝါးအန္တရာယ်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခြင်းကြောင့် လူငယ်များအတွက် များစွာအကျိုးရှိစေပါကြောင်း၊ မူးယစ်ဆေးဝါးကို ရှောင်ရှားခြင်းဖြင့် မိမိအကျိုးသာမက အများကောင်းကျိုးကိုပါ သယ်ပိုးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)