စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကလေးခရိုင်၊ ကလေးမြို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လိုက်လံကြည့်ရှုစစ်ဆေး

မုံရွာ မေ ၁၅

 စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲမှုစစ်ဌာချုပ် (ကလေး) ဒေသကွပ်ကဲရေးမှူး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက ကလေးခရိုင်၊ ကလေးမြို့ရှိ သူနာပြုသားဖွားသင်တန်းကျောင်းခန်းမတွင် ကလေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ နည်းပြဆရာ၊ ဆရာမများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကလေးတက္ကသိုလ်အား ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။  ယင်းနောက် ကလေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာဝင်းမင်းလတ်က ကလေး တက္ကသိုလ်၏ သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကလေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ထံ ထောက်ပံ့ငွေများပေးအပ်ပြီး တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ပါမောက္ခဌာနမှူးများနှင့်၊ ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြပြီး တွေ့ဆုံပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်းဝန်းအတွင်းရှိ စာသင်ဆောင်များ၊ ကျောင်းသား/ကျောင်းသူအိပ်ဆောင်များ၊ ထမင်းစားဆောင်များနှင့် ကျောင်းဝန်းအတွင်းရှိ ဝန်ထမ်းနေအိမ်များအား လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ 

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလေးမြို့၊ ကုတင် ၃၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိရာ  တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် ကာ ဆေးရုံအုပ်ကြီးထံ ဆေးရုံဝန်ထမ်းများအတွက်  ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး ရေကန်ပြန်လည်တူးဖော်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၂၀၂၄ ခုနှစ်၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကလေးမြို့၊ အောင်မေတ္တာရပ်ကွက်၊ ရတနာသီရိကျောင်းတိုက်၊ ဖောင်တော်ဦးဓမ္မဗိမာန်တော်ကြီးရှိ စာသင်ဝိုင်းသို့ရောက်ရှိပြီး စာသင်ကြားနေမှုများကို လိုက်လံကြည့်ရှုအားပေးပြီး စာသင်သားများအား ရင်းရင်း နှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် အဆိုပါကျေးရွာရှိ မြစ်သာမြစ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ရှင်းလင်းဆောင်သို့ရောက်ရှိရာ တည်ဆောက်ရေးတာဝန်ခံ အင်ဂျင်နီယာမှ ကမ်းပြိုကာကွယ်ရေးဆောင်ရွက်ပြီးစီးမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူမျာနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် ညနေပိုင်းတွင်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်  ကလေးမြို့နယ် စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည့် ကလေးခရိုင် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ကျင်းပပြုလုပ်သည့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားသို့ ရောက်ရှိကြရာ ဝန်ကြီးချုပ်က အမှာစကားပြောကြားခဲ့ပြီ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလေးခရိုင် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည့် ဌာနဆိုင်ရာများ၊ တောင်သူများနှင့် တွေ့ဆုံပွဲ အခမ်းအနားတွင် အဖွင့်အမှာစကားပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများ၏ တင်ပြချက်များ၊ စိုက်ပျိုးရေးတောင်သူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ဆာင်ရွက်ပေးခဲ့ပြီး တက်ရောက်လာသူများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)