ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟင်္သာတ မြို့နယ်အတွင်းရှိ ဒေသဖွံဖြိုးရေးလုပ်ငန်းများ၊ စာကြည့်တိုက်များ ကွင်းဆင်းကြည့်ရှု

ဟင်္သာတ မေ ၁၅

ဧရာဝတီတိုင်းဒေသကြီး  အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင် နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းကဟင်္သာတမြို့နယ်၊ တလုထ္တော်မြို့အမှတ်(၂) ရပ်ကွက်ရှိ ရွှေငြိမ်းအေး ကျောင်းတိုက်တွင် စာမတတ်သူများ ပပျောက်ရေးအတွက် ကျေးလက်နေပြည်သူများအား စာသင်ဝိုင်းများပြုလုပ်၍ စာသင်ကြားပေးနေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုအားပေး၍ အချိုရည်များ၊ ကြက်ဥများ၊ ဆန်များ ထောက်ပံ့ပေးအပ်ခြင်း၊ သမိုင်ရွာအခြေခံ ပညာမူလ တန်းလွန်ကျောင်းဝန်းအတွင် ဒေသခံပြည်သူများစုပေါင်း၍ ဆောက်လုပ်လျက်ရှိသော  အလျား(၃၀)ပေ၊ အနံ (၃၀)ပေ၊ အမြင့် (၂၄) ပေ၊ RC (၂)ထပ် စာကြည့်တိုက် အဆောက်အဦ တည်ဆောက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး၍လိုအပ်သည်များ ဖြည့်စွက်မှာကြား ခဲ့သည်။ ထို့နောက် အိပ်ပျက်ကျေးရွာ အုပ်စုရှိ ဟင်္သာတ ဖြတ်တာသစ် တည်ဆောက်နေမှု အခြေအနေနှင့် အိပ်ပျက်ကျေးရွာအုပ်စုရှိ ကမ်းပြို၊ ကမ်းစား အိမ်ခြေ အိမ်ထောင်စုများကို ရွှေ့ပြောင်းပေးမည့် မြေနေရာ (၁၉) ဧကတို့အား ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသူရိန်နှင့် ခရိုင်ဆည်မြောင်းဦးစီးမှူး ဦးမျိုးမြင့်အောင်တို့မှ ရှင်းလင်းတင်ပြမှုအပေါ် ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို သက်ဆိုင်ရာ ဌာနဆိုင်ရာများအား ဖြည့်စွက်ပေါင်းစပ် ညှိနှိုင်းပေးခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နေ့လည်ပိုင်းတွင် ဟင်္သာတမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင််တို့မှ ခရိုင်စိုက်တိုးမြှင့် ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြှင့်ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံကာ အမှာစကားတက်ရောက်ပြောကြားခဲ့ပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန လ/ထညွှန်မှူး ဦးခင်မောင်စန်းမှ ဆီထွက်သီးနှံအထူးဇုန် စိုက်ပျိုးထုတ်လုပ်မှုအခြေအနေအား power point ဖြင့် ရှင်းလင်းတင်ပြခြင်း၊ ဆီထွက်သီးနှံ စိုက်ပျိုးမည့် ဒေသခံတောင်သူများမှ မြေပြင်အခြေအနေ အခက်အခဲများ၊ သိရှိလိုသည်များ တင်ပြမှုများအပေါ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပေါင်းစပ် ညှိနှိုင်းဆွေးနွေးဆောင်ရွက်ပေးခဲ့ကြသည်။ တွေ့ဆုံပွဲအပြီးတွင် ဟင်္သာတမြို့နယ်၊ ဒူးယားမြို့၊ အမှတ် (၂)ရပ်ကွက်ရှိ သုတရွှေကြယ်စင် ကိုယ့်အားကိုယ်ကိုးစာကြည်တိုက်တွင် ရပ်မိရပ်ဖများ၊ စာကြည့်တိုက် ကော်မတီဝင်များနှင့် တွေ့ဆုံအားပေးကာ ကျေးရွာနေကလေးသူငယ်များ စာဖတ်နေမှုများအား ကြည့်ရှုအားပေး၍ စာကြည့်တိုက်ရန်ပုံငွေအတွက် ထောက်ပံ့ငွေ(၁)သိန်း ကျပ်အား တာဝန်ရှိသူများထံသို့ ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)