စစ်ကိုင်း နိုဝင်ဘာ ၈
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ယနေ့နံနက်(၆)နာရီမှစ၍ ဆန္ဒမဲများကို ပြည်သူများက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ အေးချမ်းစွာ ဆန္ဒမဲများပေးလျက်ရှိသည်။
ဆန္ဒမဲများပေးရာတွင် သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်များနှင့်အညီ ပါတီအသီးသီးမှ ကိုယ်စားလှယ်များ ရှေ့မှောက်တွင် မဲပုံးများဖွင့်လှစ်ပြသပြီး လုံခြုံရေးကြိုးများကို စနစ်တကျ တပ်ဆင်ကာ ပြည်သူများစတင် ဆန္ဒမဲများပေးကြကြောင်း၊ ကျန်းမာရေးနှင့် ညီညွတ်စေရန် မဲပေးရန် ဝင်ရောက်လာသည့် ပြည်သူများကို အပူချိန်တိုင်းတာခြင်း၊ လက်သန့် ဆေးရည်များ ဆေးကြောပေးခြင်းနှင့် နှာခေါင်းစည်းများ အသစ်လဲလှယ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ မဲရုံလုံခြုံရေး အတွက်လည်း သက်ဆိုင်ရာဌာနဆိုင်ရာများ၊ အထူးရဲများနှင့် ရပ်မိ/ ရပ်ဖများပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း မီးဘေးကာကွယ်ရေး အတွက်လည်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ထားကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်သန်းက ပြောသည်။
စစ်ကိုင်းမြို့နယ်တွင် တိုက်နယ်အုပ်စု(၁၁၀)အုပ်စုရှိပြီး မဲရုံပေါင်း(၁၆၃)ရုံထားရှိရာ မဲဆန္ဒရှင် ပြည်သူ(၂၄၄,၃၃၆)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး စာရင်းများအရ သိရှိရသည်။
ဇော်မြင့်နိုင် (ပြန်/ဆက်)