မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက သောက်သုံးရေများ သွားရောက်လှူဒါန်း

မင်းဘူး မေ ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများ နွေရာသီကာလ ပူပြင်းသောအချိန်တွင် သောက်သုံးရေရှားပါမှုနှင့် သောက်သုံးရေများ ပြတ်လပ်မှုမရှိစေရေးအတွက် မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက သောက်သုံးရေများကို သွားရောက်လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့လှူဒါန်းပေးရာတွင် မေလ ၁၄ ရက်နေ့က မင်းဘူး(စကု)မြို့နယ် ရွာသာကျေးရွာရှိ အိမ်ထောင်စု ၄၂၁ စုမှ လူဦးရေ ၁၅၀၀ ဦးအတွက် သောက်သုံးရေ ဂါလံပေါင်း ၅၆၀၀၊ ယနေ့နံနက်ပိုင်းက မင်းဘူးမြို့ အမှတ်(၄) ရွှေဝါကုန်းရပ်ကွက်ရှိ အိမ်ထောင်စု ၂၉၈ စုမှ လူဦးရေ ၁၁၆၄ ဦးအတွက် သောက်သုံးရေ ဂါလံပေါင်း ၅၆၀၀ ကို မင်းဘူးခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက သွားရောက်လှူဒါန်းပေးခဲ့ကြသည်။

ဆက်လက်ပြီး မေလ ၁၆ ရက်နှင့် ၁၇ ရက်နေ့များတွင် မင်းဘူး(စကု)မြို့နယ် လက်ပံတပင်ကျေးရွာသို့ သောက်သုံးရေ ဂါလံ ၄၀၀၀ နှင့် ပေါက်ကုန်းကျေးရွာသို့ သောက်သုံးရေ ဂါလံ ၄၀၀၀ ကို ကျေးရွာအရောက် သွားရောက်လှူဒါန်းပေးသွားမည်ဖြစ်ပြီး ရေဂါလံစုစုပေါင်း ၁၉၂၀၀ အထိ လှူဒါန်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိကြောင်း မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ကေသွယ်ဝင်းထံက သိရသည်။

မောင်မောင်(မင်းဘူး)