မင်းလှမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင် ပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပ

အထက်မင်းလှ မေ ၁၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာ‌ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉)နာရီခွဲက တောင်ရပ်ကွက်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်က ကိုယ်ဝန်ဆောင်မိခင်များ တစ်ကိုယ်ရေသန့်ရှင်းရေးအား လိုက်နာဆောင်ရွက်ရန်နှင့် ကျန်းမာရေးဆိုင်ရာများအား အသိပညာပေးဆွေးနွေးပြောကြားပြီး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ဇင်မာဝင်းက ကိုယ်ဝန်ဆောင်မိခင်တိုင်း ကျန်းမာရေးစောင့်ရှောက်ကြရန်၊ ကျန်းမာရေးဆရာ၊ ဆရာမများက သတ်မှတ်ပေးထားသည့် အစာအဟာရအုပ်စုများအား ညီညွတ်မျှတစွာစားသုံးကြရန်နှင့် လိုက်နာဆောင်ရွက်ပါက မွေးဖွားလာမည့် ရင်သွေးငယ်များ ကျန်းမာဝဖြိုးပြီး ဉာဏ်ရည်ထက်မြက်မည်ဖြစ်ပြီး ရင်သွေးငယ်များအား မိခင်နို့တိုက်ကျွေးရန် စသည့် ကျန်းမာရေးဆိုင်ရာများအား အသိပညာပေးဆွေးနွေးပြောကြားခဲ့သည်။       

ထို့နောက် ကျန်းမာရေးဆရာမများက ကိုယ်ဝန်ဆောင်များအား ကိုယ်အ‌လေးချိန်တိုင်းတာပေးခြင်းနှင့် ကျန်းမာ‌ရေးစစ်ဆေးမှုများဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်က ကိုယ်ဝန်ဆောင်မိခင် (၁၁)ဦးအား တစ်ဦးလျှင် ကြက်ဥ (၁၀)လုံး၊ ငှက်ပျော (၁)ဖီး ထောက်ပံ့ပေးပြီး မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှ  ကိုယ်ဝန်ဆောင်အားဆေးများကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။                                                                                                                                  

ဇာဇာ(အထက်မင်းလှ)