ကန့်ဘလူမြို့၌ ရပ်ကွက်နေပြည်သူများ မီးဘေးသတိရှိကြစေရန် လှည့်လည်အသိပေးနှိုးဆော်

ကန့်ဘလူ မေ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ပေါ်ရှိ ရပ်ကွက်နေပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံရေး၊ မီးလောင်မှု၊မီးလန့်မှု မဖြစ်ပွားစေရေးနှင့်မီးဘေးအန္တရာယ် အစဥ်သတိပြုလိုက်နာနိုင်စေရန်အတွက် အသိပေးနှိုးဆော်ခြင်းများကို ယမန်နေ့မွန်းလွဲ ၁၂ နာရီခွဲက မြို့နယ်မီးဘေးကြိုတင် တားဆီးကာကွယ်ရေးအဖွဲ့ဝင် ဌာနဆိုင်ရာများက ရပ်ကွက် (၁/၂/၃/၄/၅) များအတွင်း လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့နှိုးဆော်ရာတွင် ရပ်ကွက်နေပြည်သူများအနေဖြင့် မီးဖိုမီးသုံးစွဲချိန်များကို နေ့စဥ် နံနက် ၅ နာရီမှ ၁၁ နာရီထိ၊ ညနေ ၄ နာရီမှ ၇ နာရီထိ အသုံးပြုရန်၊ မီးသတ်ဆေးဗူး (သို့မဟုတ်) ခိုင်ခန့် သော မီးချိတ်၊ မီးကပ်၊ လှေကား၊ သဲ၊ ရေ၊ ရေတဘက် အသင့်ထားရှိရန်၊ မီးဖိုနှင့်အမိုးနံရံကြားတွင် သွပ်ပြား၊ မီးခံကျောက်ပြား၊ အုတ်ကာရံထားရန်၊ မီးကြွင်းမီးကျန်မထားရှိဘဲ စနစ်တကျငြှိမ်းသတ်ရန်၊ နေအိမ်များတွင် အမှိုက်သရိုက်၊ ကောက်ရိုး စသည်တို့ကိုရှင်းလင်းထားရန်၊ မီးပါသောဆေးလိပ်တိုကို စည်းကမ်းမဲ့စွန့်ပစ်ခြင်းမပြုရန်၊ ဟောင်းနွမ်းချို့ယွင်းနေသော လျှပ်စစ်ပစ္စည်းများ၊ ဝါယာကြိုးများ အသုံးမပြုရန်၊ ဖယောင်းတိုင်၊ အမွှေးတိုင်အသုံးပြုပါက မီးခံခွက်ထားရှိရန်၊ ခြင်ထောင်၊ လိုက်ကာနှင့်‌လေ မငြိမ်သက်သောနေရာများတွင် ဖယောင်းတိုင်မီး ထွန်းမထားရန်၊ အမှိုက်သရိုက်များမီးရှို့ပါက မီးသတ်တပ်ဖွဲ့၏ကြိုတင်ခွင့်ပြုချက်ရမှသာ မီးရှို့ရန်၊ ညအချိန်အမှိုက်များ မီးရှို့ခြင်းမပြုရန်၊ ရာသီဥတုပူပြင်းချိန်များတွင် ပလပ်စတစ်ပုံးဖြင့် ဆီထည့်ခြင်း၊ ဖလှယ်ခြင်းမပြုလုပ်ရန်၊ မီးဘေးကြိုတင်သတိပေးချက်များအား လိုက်နာမှုရှိမရှိ စစ်ဆေးရေးအဖွဲ့များက လိုက်လံစစ်ဆေးမည်ဖြစ်ပြီး လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မီးငြှိမ်းသတ်ယာဥ်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)