လိပ်သို မေ ၁၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် မိရိုးဖလာလုပ်ငန်းအဖြစ် ဒေသနေတောင်သူများက ကော်ဖီသီးနှံကို စိုက်ပျိုးလာခဲ့ရာ ထွက်ရှိလာသော ကော်ဖီသီးနှံ ထွက်ကုန်များကို ကုန်ကြမ်းအဖြစ်သာ ရောင်းချခဲ့ရာမှ ယခုအခါ ကော်ဖီကုန်ချောများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလာလျက်ရှိကြောင်း သိရသည်။
ဒေသခံများမှာ ကော်ဖီသီးနှံနှင့်ပတ်သက်၍ ခေတ်မီနည်းပညာနှင့် အသိပညာများ ရရှိလာသည့်အပြင် စက်ကိရိယာအကူအညီများ၊ အထောက်အပံ့များပါ ရရှိလာ၍ မိမိတို့၏ ကော်ဖီသီးနှံထွက်ကုန်များကို ကုန်ချောအဖြစ် စံချိန်မီထုတ်လုပ်ရောင်းချလာနိုင်ကြောင်း သိရသည်။
ကော်ဖီသီးနှံကို စတင်စိုက်ပျိုးရာတွင်လည်း တွင်းတူးစက်များ အသုံးပြုလာနိုင်သလို သဘာဝမြေဩဇာများကို စနစ်တကျ အသုံးပြုလာနိုင်ခြင်း၊ ဆွတ်ခူးရာတွင်လည်း နည်းစနစ်မှန်ကန်စွာ ဆွတ်ခူးတတ်လာခြင်း၊ ကြိတ်ခွဲရာတွင် စက်ပစ္စည်းများဖြင့် ကြိတ်ခွဲသန့်စင် အမျိုးအစားခွဲခြား လာနိုင်ခြင်း၊ ကော်ဖီမှုန့်များ ထုတ်လုပ်ရာတွင်လည်း စံချိန်မီ အရည်အသွေးကောင်းမွန်အောင် နည်းစနစ်မှန်ကန်စွာ ကော်ဖီစေ့များအား အရွယ်အစား ခွဲခြား၍ စက်ပစ္စည်းများဖြင့်လှော်ကာ အမှုန့်ကြိတ်ခြင်း၊ ဈေးကွက်ဝင် ထုတ်ပိုးမှုစနစ် များဖြင့် ဖြန့်ချီရောင်းချလာနိုင်ခြင်းတို့ကြောင့် လိပ်သိုဒေသထွက် ကော်ဖီကုန်ချောများ ရောင်းပန်းလှလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)